Fact Check: PDF ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ စုစည်းမှုဆိုတဲ့ဗွီဒီယိုသတင်းမှား

Partly False နိုင်ငံရေး | Politics

NUG၊PDF တို့ရဲ့ အကြမ်းဖက်လှုံ့ဆော်မှုတွေနဲ့ အကြမ်းဖက်သတ်ဖြတ်နှိပ်စက်မှုတွေကို စုစည်းထားတဲ့ဗွီဒီယိုဆိုပြီး ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေကြားပျံ့နှံ့တာ Fact Crescendo Myanmar အနေနဲ့ တွေ့ရပါတယ်။

“လိုင်းပေါ်တွင်ပျံ့နှံ့ခဲ့သော အကြမ်းဖက် NUG, PDF တို့၏ အကြမ်းဖက်လှုံ့ဆော်မှုများနှင့် အကြမ်းဖက် သတ်ဖြတ်နှိပ်စက်မှုများအား စုစည်းထားသည့် Video file ဖြစ်ပါတယ်…. နှလုံးခိုင်သောသူမှသာ ကြည့်ပါ ကြည့်ရဲသူများလည်း အစဆုံးကြည့်ပေးပါ… အကြမ်းဖက်သမားတွေရဲ့ အောက်တန်းကျ မိုက်ရိုင်းလွန်းတဲ့ လုပ်ရပ်တွေကို ပြည်သူလူထုတစ်ရပ်လုံးမှ ဝိုင်းဝန်းဆန့်ကျင်ကြရန် လိုနေပြီဖြစ်ပါတယ်.”လို့ ရေးသားပြီး “Today News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက မျှဝေထားတာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

ဒီဗွီဒီယိုပါအကြောင်းအရာတွေဟာ မှန်တဝက်မှားတဝက်ရောနှောထားခြင်းဖြစ်ပါတယ်။

အချက်အလက်စိစစ်ချက်

(၃ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့အစမှာအခြေပြုထားတဲ့ စစ်အာဏာသိမ်းဆန့်ကျင်ရေးတက်ကြွလှုပ်ရှားသူ ဦးမျိုးရန်နောင်သိမ်းအပါအဝင် လူငယ်အချို့ရဲ့ လူမှုကွန်ယက်မှာ တော်လှန်ရေးနဲ့ပတ်သက်တဲ့ ပြောကြားချက် အချို့ကို အချက်အလက်စိစစ်ရေးမှာ ချန်လှပ်ခဲ့ပါတယ်။) 

ပထမဆုံးဗွီဒီယို

အမျိုးသမီးတစ်ဦးကို ပျူစောထီးလို့အော်ခိုင်းပြီး သေနတ်ဒင်နဲ့ ထုခြင်းအပါအဝင် ရိုက်နှက် လမ်းလယ်မှာ ဒူးထောက်ခိုင်းကာ သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ ဗွီဒီယိုမှာ သတ်ဖြတ်ခံရသူဟာ မြန်မာစစ်တပ်က လက်နက် တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် အသက် ၂၅ နှစ်အရွယ် ဒေါ်အေးမာထွန်းဖြစ်ပါတယ်။ ထိုဖြစ်စဉ်မှာ လွန်ခဲ့တဲ့ ၇ လခန့်က တမူး-အာရှ လမ်းမကြီး ၃ မိုင်အနီး ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တမူးခရိုင် တပ်ရင်း ၄ တပ်ဖွဲ့ဝင်တချို့ ပါဝင်ပတ်သက်ခဲ့ပြီး သတ်ဖြတ်ရာမှာ ပါဝင်ကျူးလွန်ခဲ့သူတွေကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ NUG ကအတည်ပြုထားပါတယ်။

ဒုတိယဗွီဒီယို

ပန်းရောင်အင်္ကျီနဲ့အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက နောက်ဘက်က ချုပ်ထားပြီး အခြားအမျိုးသား တစ်ယောက်က ဓားနဲ့ ထိုးနေတဲ့ ဗွီဒီယိုကိုတော့ Fact Crescendo Myanmar အနေနဲ့အထောက်အထား မတွေ့ရသလို သီးခြားအတည်ပြုနိုင်ခြင်းလည်းမရှိပါဘူး။

တတိယဗွီဒီယို

ခေါင်းဖြတ်အသတ်ခံရသည့် အမျိုးသမီးမှာ မြိုင်မြို့နယ်မှ မနန္ဒာဖြစ်ပြီး  CDM ရဲတပ်သား ဇော်လင်းအောင် လွတ်မြောက် စေရန် ကူညီပေးသည့်အတွက် စစ်တပ်နှင့် ပျူစောထီးက မနန္ဒာကို ခေါင်းဖြတ် သတ်ခဲ့ခြင်း ဖြစ်တယ်လို့ ခေတ်သစ်သတင်းဌာနက ဖော်ပြပါတယ်။ သို့သော် စစ်တပ်ဖက်က ကြံ့ခိုင်ရေးပါတီဝင် အမျိုးသမီးတစ်ဦးကို PDF တွေက သတ်ဖြတ်မှုအဖြစ်ပြောဆိုပါတယ်။ 

စတုတ္ထဗွီဒီယို 

အဖြူအစိမ်းဝတ်အမျိုးသမီးတစ်ယောက်ကို လည်ပင်းကြိုးနဲ့ချည်ပြီး ကြိမ်လုံးနဲ့ရိုက်နေတဲ့ ဗွီဒီယိုဟာ PDF မပေါ်ခင် ၄ နှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုတစ်ခုဖြစ်ပါတယ်။ “Non CDM ဝန်ထမ်းဆရာမကို PDF က လည်ပင်းကြိုးချည်ပြီး အနိုင်ကျင့်နှိပ်စက်နေတာပါ”ဆိုပြီး ၂၀၂၂ ခုနှစ်အစောပိုင်းမှာ သတင်းမှားဖြန့်ခဲ့ပါ သေးတယ်။ Fact Crescendo Myanmar က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

ပဉ္စမဗွီဒီယို

နီနက်ကြား ဝတ်အမျိုးသားတစ်ဦးက အမျိုးသမီးအချို့ကို ကြိမ်လုံးနဲ့ရိုက်နေတဲ့ ဗွီဒီယိုဟာ စစ်တပ်က မီးရှို့လို့ ပျက်စီးသွားတဲ့ရွာတွေမှာ မီးလောင်ပြင်က ကျန်တဲ့အတိုအစတွေကိုဝယ်ဖို့ အခြားနယ်ဘက်ကရွာခံတွေ ငါးတင်း ကြီးရွာဘက်ကို လာတဲ့သူတွေကို PDF က ကြိမ် ၃ ချက်စီ ရိုက်နှက်ပြီး ပြန်လွှတ်ခဲ့တဲ့ ဗွီဒီယိုဖြစ်ပါတယ်။ Fact Crescendo Myanmar အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။ 

အခြားသော ဗွီဒီယို နှစ်ခု

သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်မှုကို ရိုက်ကူးထားတဲ့ ဒီဗွီဒီယို ၂ ခုနှစ်ကတော့ မြေအောက်တော်လှန်ရေးအဖွဲ့တွေက စစ်တပ်သတင်းပေးတွေကို လုပ်ကြံသတ်ဖြတ်မှုအဖြစ် သူတို့လက်ချက်ဖြစ်ကြောင်း အသီးသီး ထုတ်ပြန်ကြေညာ ထားတဲ့ ဗွီဒီယိုတွေဖြစ်ပါတယ်။

သုံးသပ်ချက်

အာရှလမ်းမပေါ်မှာ မအေးမာထွန်းကို သတ်ဖြတ်ခဲ့မှုဟာ တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ရဲ့ကျူးလွန်မှု အဖြစ် NUG ကဝန်ခံထားပြီး ဒီဖြစ်စဉ်အတွက် စုံစမ်းစစ်ဆေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ အခြားသော ဗွီဒီယိုဖိုင်တွေဟာ PDF နဲ့သက်ဆိုင်ခြင်းမရှိသလို  PDF ကလုပ်တယ်ဆိုတဲ့ အထောက်အထားမျိုး သီးခြားအတည်ပြုချက်မရှိပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်တော်လှန်လာသူတွေကို ယေဘုယျအားဖြင့် PDF ဆိုပြီး သုံးနှုန်းပေမယ် အားလုံးဟာ NUG အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေ တာမျိုးတော့ မဟုတ်တာတွေ့ရပါတယ်။ ဗွီဒီယိုဖိုင်တစ်ခုဟာ PDF မပေါ်ခင် ၄ နှစ်ဝန်းကျင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့ခဲ့ပြီးဖြစ်တာတွေ့ရပါတယ်။

Avatar

Title:Fact Check: PDF ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုများ စုစည်းမှုဆိုတဲ့ဗွီဒီယိုသတင်းမှား

Fact Check By: နေရာမောင် 

Result: Partly False


Leave a Reply

Your email address will not be published. Required fields are marked *