
စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။
အောက်ပါစာသားနဲ့ စခရင်ရှော့ဓာတ်ပုံကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက် ဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“နေပြည်တော် အမှောင်ချလိုက်ပြီ
စစ်ခေါင်းဆောင်နေအိမ် စစ်ကားအပြည့်နဲ့ ဥဩသံဆွဲနေပြီ
အရေးပေါ်ဖုန်းလိုင်းတွေဖြတ်တောက်”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက် မရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ “ရန်ကုန်ခေတ်သစ်သတင်းဌာန” ကိုတုပထားပြီး အခုလိုပဲ သတင်းမီဒီယာတချို့မှာဖော်ပြခဲ့တဲ့အကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတွေ လုပ်ကြံရေးသားကာ ဖြန့်ဝေနေတဲ့ နေရာတခု ဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်း ဗွီဒီယိုမှာပါတဲ့အကြောင်းအရာဟာ ဒီဗွီဘီသတင်းဌာနက ဩဂုတ် ၂၅ ရက်မှာ ဖော်ပြခဲ့တဲ့ “နေပြည်တော်မှာ အာဏာသိမ်းနိုင်သလား”ဆိုတဲ့ သတင်းဆောင်းပါးကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။ ဆောင်းပါးရှင် “ထွန်းလင်း” အမည်နဲ့ရေးသားတဲ့ ဒီဆောင်းပါးထဲမှာ စစ်ခေါင်းဆောင်ကို တပ်ထောက်ခံသူတွေ၊ မဘသအသိုင်းနဲ့ မျိုးချစ်လို့ အမည်တပ်လေ့ရှိတဲ့ အမျိုးသားရေးသမားတွေက ဝေဖန်နေကြပေမဲ့ ဒီလိုဝေဖန်နေ တာဟာ လက်ရှိစစ်ခေါင်းဆောင်ကို အားမလို အားမရဖြစ်ပြီး ဒီထက်ကြမ်းကြုတ်ရက်စက်တဲ့ စစ်အာဏာရှင် ပေါ်လာဖို့အတွက်ပဲဖြစ်ပြီး ပြည်သူလူထုကောင်းစားရေးနဲ့ အာဏာပြန်ပေးရေးအတွက် မဟုတ်ကြောင်းတဲ့ အကြောင်းနဲ့ လက်ရှိမှာ အချင်းချင်းအာဏာပြန်သိမ်းဖို့ဆိုတာ မဖြစ်နိုင်ဘူးစသည်ဖြင့်ဖော်ပြထားပါတယ်။ အောက်ပါစခရင်ရှော့ကတော့ ဒီဗွီဘီသတင်းဌာနမှာ ဒီလိုဖော်ပြထားတဲ့ ဆောင်းပါးရဲ့ အစိတ်အပိုင်းကို ရယူထားခြင်းဖြစ်တယ်။
ဗွီဒီယိုထဲမှာပါသလို စစ်ခေါင်းဆောင်နေအိမ် စစ်ကားတွေနဲ့ အဝိုင်းခံရတဲ့အကြောင်းနဲ့ အရေးပေါ် ဖုန်းလိုင်းတွေ ဖြတ်တောက်လိုက်တယ်ဆိုတဲ့အကြောင်း ဒီဆောင်းပါးမှာ မပါဝင်ပါဘူး။
သုံးသပ်ချက်
စစ်ခေါင်းဆောင်နေအိမ်ကို စစ်ကားတွေနဲ့ ဝိုင်းထားပြီး အရေးပေါ်ဖုန်းလိုင်တွေပါဖြတ်တောက်လိုက်တယ်ဆိုတာ မဟုတ်ပါဘူး။ အထောက်အထားမရှိပါဘူး။ “Khit Thit Media” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိလေ့ရှိတယ်။
ပြောဆိုချက်- နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထား

Title:Fact Check: နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာအသိမ်းခံရပြီး အရေးပေါ် ဖုန်းတွေ ဖြတ်တောက်ထားဆိုတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False