
၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုပြီး ဓာတ်ပုံတပုံ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားဖြန့်ချိမှုတခုဖြစ်တယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ် စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ် ချက်ဖြစ်ပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“(2018 အမှတ်တရများ)
ရခိုင်ကိုဗုံးသွားကြဲခါနီး တိုက်လေယဉ်မူးများကို အားပေးချီးကျူးစကားပြောရင်း အမှတ်တရပေါ့”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေကြည့်ရာမှာ စခရင်ရှော့ဓာတ်ပုံထဲကနဲ့ တူညီတဲ့ အခြားသော ဓာတ်ပုံတွေမှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲပါဝင်ပြီး ယင်းအချိန်က အဓိကပျံ့နှံ့ခဲ့တာတွေ့ရပါတယ်။ သတင်းမှား ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ဖော်ပြထားသလို ၂၀၁၈ ခုနှစ်က ဓာတ်ပုံမဟုတ်တာတွေ့ရပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က “တပ်မတော်သားတွေက ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံလား?”ဆိုတဲ့ Myat Tun Oo အမည်နဲ့ ဘလော့ဂ်ပို့စ်တခုမှာ ဒီဓာတ်ပုံကို အသုံးပြုထားပြီး ဓာတ်ပုံရိုက်တဲ့ ရက်စွဲကို “2020/2/13”လို့ ဖော်ပြထားတာတွေ့ရပါတယ်။
၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်စွဲနဲ့ “The Ladies”သတင်းဌာနရဲ့ သတင်းဖော်ပြချက်မှာ ဒီဓာတ်ပုံကို “နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရှမ်းပြည်နယ်မှ အပြန်ခရီး”ဆိုပြီးတော့လည်း ဖော်ပြထားတာတွေ့ရပါတယ်။
မူရင်းလင်ခ့် – The Ladies | Archive link
သုံးသပ်ချက်
ဓာတ်ပုံဟာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ရှမ်းပြည်နယ် အပြန်ခရီးမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ပို့စ်တွေမှာ ဖော်ပြထားသလို ဓာတ်ပုံဟာ ၂၀၁၈ ခုနှစ်က ဓာတ်ပုံမဟုတ်တာတွေ့ရပါတယ်။
ပြောဆိုချက်- ၂၀၁၈ ခုနှစ်အတွင်းက ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံ

Title:Fact Check: ရခိုင်ကို ဗုံးကြဲမယ့် လေယာဉ်မှူးတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တွဲရိုက်ထားတဲ့ ဓာတ်ပုံဆိုတဲ့ သတင်းမှား
Fact Check By: နေရာမောင်Result: Misleading