
ထိုင်းနိုင်ငံမှာ လမ်းဘေးဗုံးပေါက်ကွဲပြီး ရဲအရာရှိတစ်ဦးသေဆုံးမှုကြောင့် ကရင် အမျိုးသားအစည်းအရုံး (KNU)နဲ့ဆက်နွယ်နေသည့် ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူများက တောင်းဆိုနေတယ်ဆိုပြီး ရေးသားဖြန့်ဝေနေတဲ့ ပို့စ်တွေ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့ပါတယ်။
တကယ်တော့ ဓာတ်ပုံဟာ ထိုင်းနိုင်ငံတောင်ပိုင်းက ခွဲထွက်အဖွဲ့က ၂၀၁၉ ခုနှစ်အတွင်းမှာ ဗုံးခွဲတိုက်ခိုက်မှုက ဓာတ်ပုံကဖြစ်ပါတယ်။
“ထိုင်းဝန်ကြီးချုပ်ပရာယွတ်အာဏာပြန်ရ
လျင်ရခြင်း အရေးပေါ်ညွှန်ကြားချက်
ထုတ်ပြန်
**************************************
30-9-2022
ထိုင်းနိုင်ငံ လမ်းဘေးဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး
ရဲအရာရှိတဦးသေဆုံးခဲ့မှု အပေါ် ဆက်စပ်မှု
အဖြစ် ပြဿနာဖြစ်ပွားရာ KNU ဆက်နွယ်
သော ဒုက္ခသည်စခန်းများ မထားရန် ထိုင်း
ပြည်သူများတောင်းဆိုချက်အရ. KNU ဒုက္ခ
သည်စခန်းတွေကို ထိုင်းစစ်တပ်မှဝင်ရောက်
စီးနင်းရှာဖွေနေသည် ၊
လတ်တလောပိတ်ဆို့မှုအရ
ထိုင်း/မြန်မာနယ်စပ် တလျောက်
ထိုင်းစစ်တပ် မှ အင်အားအပြည့်ချ
ပိတ်ဆို့ထားကြောင်းသိရပါတယ် ”လို့ ရေးသားပြီး “ဆာစွန်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံး ပြုသူက အောက်ပါ အတိုင်း မျှဝေထားတာကို တွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ရှာဖွေရာမှာ ၂၀၁၉ ခုနစ် နိုဝင်ဘာလ ၆ ရက်က အယ်လ်ဂျားဇီးယား သတင်းဌာနက “ထိုင်းနိုင်ငံ ယာလာ(Yala)ခရိုင်တွင် တိုက်ခိုက်မှုအတွင်း လူတစ်ဒါဇင်ကျော် သေဆုံးခဲ့သည်”ဆိုတဲ့သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံအသုံးပြုထားတာတွေ့ရပါတယ်။ ယာလာ(Yala)ခရိုင်ဆိုတာ ထိုင်းတောင်ပိုင်း ထိုင်း-မလေးနယ်စပ်မှာတည်ရှိပါတယ်။ KNU တည်ရှိ လှုပ်ရှားတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ စပ်ဆက်ခြင်း လည်းမရှိပါဘူး။
၂၀၁၉ ခုနှစ် နိုဝင်ဘာ ၆ ရက် ထိုင်းတောင်ပိုင်းလုံခြုံရေးစစ်ဆေးရေးဂိတ်တစ်ခုကို ဖောက်ခွဲတိုက်ခိုက်မှုမှာ ရဲအရာရှိတစ်ဦးနဲ့ ကျေးရွာကာကွယ်ရေး စေတနာ့ဝန်ထမ်းအများအပြား အပါအဝင် လူ ၁၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်လို့လည်း အဆိုပါ သတင်းမှာရေးသားထားပါတယ်။
ဓာတ်ပုံစာသားနေရာမှာ “ထိုင်းနိုင်ငံ တောင်ပိုင်းတွင် ခွဲထွက်ရေး လက်နက်ကိုင် လှုပ်ရှားမှုကြောင့် ၂၀၀၄ ခုနှစ်မှ စတင်၍ လူပေါင်း ၇၀၀၀ ခန့် သေဆုံးခဲ့ရသည်”လို့ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Aljazeera | Archive link
ကရင် အမျိုးသား အစည်းအရုံး (KNU)အခြေစိုက်တဲ့နေရာနဲ့ ဗုံးပေါက်ကွဲတဲ့နေရာဟာ သက်ဆိုင်ခြင်းမရှိပါဘူး။ ဗုံးခွဲမှုပြုလုပ်ခဲ့တယ်ဆိုပြီးတော့ ဒုက္ခသည်စခန်းများမထားရန် ထိုင်းပြည်သူ များတောင်းဆိုနေတယ်ဆိုတဲ့ အချက်အလက်လည်း သတင်းမီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာလည်း ဖော်ပြချက်မတွေ့ရပါဘူး
သုံးသပ်ချက်
၂၀၁၉ ခုနစ် နိုဝင်ဘာလ ၆ ရက်က အယ်လ်ဂျားဇီးယားသတင်းဌာနမှတင်ထားသည့် ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်ခံရမှုဖြစ်စဉ်တစ်ခုမှဓာတ်ပုံကို အသုံးပြုပြီး ရေးသားဖြန့်ဝေနေတဲ့ သတင်းမှားသာ ဖြစ်ပါတယ်။

Title:Fact Check: KNU က ထိုင်းရဲကို ဗုံးခွဲတိုက်ခိုက်လို့ ဒုက္ခသည်စခန်းများ မထားရန် ထိုင်းပြည်သူတွေတောင်းဆိုတဲ့သတင်းမှား
Fact Check By: Zun ZeeResult: False