
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေကြား ဖြန့်ဝေခဲ့တာတွေ့ရပါတယ်။သတင်းမှားတစ်ခုသာဖြစ်ပါတယ်။ အမေရိကန်မှာ နေထိုင်တဲ့ ဒေါ်ရိုစီအောင်ဟာ နှလုံးရောဂါကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ မိသားစုဝင်တွေက အတည်ပြု ထားတာတွေ့ရပါတယ်။
အောက်ပါ screebshot ကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့ခဲ့တဲ့ ပို့စ်တစ်ခုရဲ့ပုံဖြစ်ပါတယ်။
“တော်လှန်နေရင်း အမှန်တရားတွေ ပြောမိလို့ ပြည်ပမှာ လုပ်ကြံ ခံလိုက်ရတဲ့ ဒေါ်ဌေးဌေးဝင်း (ခ) ရိုစီအောင် ဒေါ်ရိုစီအောင် ရဲ့ ဘော်ဒီပြန်ရတယ်ဆိုတဲ့ထုတ်ပြန်ချက်ပါ။ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာလမှာ လုပ်ကြံခံရတဲ့သဘောပါပဲ။
ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူ ခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးအပါအဝင်ဖြစ်ခဲ့ပြီး မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်(ခ)ဒေါ်ဌေးဌေးဝင်းမှာ အမေရိကန်တွင်လုပ်ကြံခြင်း ခံလိုက်ရပါတယ်။
သို့ပေမယ် လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ လိုင်းပေါ်မှ တော်လှန်ရေး လုပ်နေစဉ်အတွင်း အခြေအနေမလှတော့တဲ့ မြေပြင် PDF တွေရဲ့ အခြေအနေမှန်နဲ့ NUG ရဲ့အမှားတွေကို ထောက်ပြခဲ့လို့ ပန်ဆယ်လိုနဲ့ လိုင်းပေါ်မှာ အကြီးအကျယ်ပြဿနာတက်ခဲ့ဘူးပါတယ်။
အခုတော့ NUG ရဲ့ စေခိုင်းမှု ပန်ဆယ်လိုရဲ့တိုက်တွန်းမှုတွေကြောင့် ကြေးစားသမားတွေရဲ့လုပ်ကြံခြင်းကို ပြည်ပမှာပင်ခံလိုက်ရပါပြီ။”လို့ ရေးသားပြီး “Myanmar & Intentional News” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဇန်နဝါရီ ၂၀ ရက်မှာအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
စစ်တပ်လော်ဘီ တယ်လီဂရမ်နဲ့ဖေ့စ်ဘွတ်အကောင့်တွေမှာလည်း တူညီစွာ မျှဝေထားတာတွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါတယ်။
အချက်အလက်စိစစ်ချက်
အမေရိကန်နိုင်ငံမှာနေထိုင်တဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးဝင်း(ခေါ်)ဒေါ်ရိုစီအောင်ဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် နှလုံးစက်ရပ်တန့်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်တယ်လို့ သူနေထိုင်ရာ အသိုင်းအဝိုင်းနဲ့ သူမိသားစုက ထုတ်ပြန်အတည်ပြုထားတာတွေ့ရပါတယ်။
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျယ်လိစ်မှာရှိတဲ့ ဒေါ်ရိုစီအောင် နေထိုင်ခဲ့တဲ့ သဘာဝရိပ်သာကလည်း သူနဲ့ပတ်သက်ပြီး အောက်ပါအတိုင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ “၁၉ရက်မနက်ပိုင်း LA County မှ တာဝန်ရှိသူ (ဒေါ်ရိုစီအောင် နောက်ပိုင်းကိစ္စများအတွက်) ဖုန်းဆက်လာပြီး Anawa နှင့် conference call ပြောဖြစ်ခဲ့ပါသည်။
တာဝန်ရှိသူအဆိုအရ ဒီဇင်ဘာ ၂၀ရက် ဒေါ်ရိုစီ Social Security Office မှာ အသက်ရှူကျပ်လို့ ၉၁၁ ခေါ်ပြီး ဆေးရုံရောက်စစ်တော့ နှလုံးမခုန်တော့ကြောင်း၊ အသက်ဆုံးရတဲ့အဓိက အကြောင်းရင်းက မကောင်းတော့တဲ့ pacemaker နှင့် နှလုံးရောဂါကြောင့်လို့ ကောက်ချက်ချပါတယ်။
သားဖြစ်သူ Anawa က အမေရိကကို နောက်အပတ်ထဲလိုက်လာပြီး ဒေါ်ရိုစီအောင် နာရေးကိစ္စနှင့် စာရွက်စာတန်းကိစ္စများကို စီစဥ်ပါမည်။
သဘာဝရိပ်သာအမေရိက (01/19/23 8:54 pm)”လို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ထို့အပြင် ဒေါ်ရိုစီအောင်ရဲ့သားဖြစ်သူ ကိုအဏ္ဏဝါကျော်ထွဋ်ဟာ သူ့အမေသေဆုံးရခြင်းဟာ နိုင်ငံရေးနဲ့မပတ်သက် ဘဲ နှလုံးရောဂါနဲ့ သေဆုံးသွားခြင်းသာဖြစ်တယ်လို့ မဇ္ဈိမရဲ့ သတင်းမှားတိုက်ဖျက်ရေးအစီအစဉ်ကို ဖြေကြားခဲ့ တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ပန်ဆယ်လိုကလည်း ဒေါ်ရိုစီအောင် သေဆုံးမှုမှာ သူ့ကို စွပ်စွဲနေတာနဲ့ပတ်သက်ပြီး သက်ဆိုင်မရှိကြောင်း ဖေ့စ်ဘုတ်တွင်ပြန်လည် ရှင်းပြထားပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ NUG ကိုဝေဖန်လေ့ရှိတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG က လုပ်ကြံသတ်ဖြတ်လိုက်တာဆိုတဲ့ပြောဆိုချက်ဟာ အထောက်အထားမရှိဘဲ နိုင်ငံရေးအရ တိုက်ခိုက်နေခြင်း သာဖြစ်ပါတယ်။

Title:Fact Check: နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရိုစီအောင်ကို NUG လုပ်ကြံ သတ်ဖြတ်ဆိုတဲ့ သတင်းမှားဖြန့်ဝေ
Fact Check By: နေရာမောင်Result: False