
စစ်မှုထမ်းမှုဥပဒေအရ အမျိုးသမီးတွေကိုပါ ခေါ်ဖို့ စစ်ခေါင်းဆောင်ကို မြှောက်ပေးခဲ့တဲ့အတွက် ပြည်သူ့ပါတီ ခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတယ်ဆိုတဲ့ ဗွီဒီယိုပို့စ် ယူကျူ့အသုံးပြုသူတွေအကြား ပျံ့နှံ့နေတာဟာ သတင်းတု တခုသာဖြစ်တယ်။
ဇန်နဝါရီ ၂၆ ရက်မှာ ဖြန့်ဝေခဲ့ပြီး ပျံ့နှံ့မှုအားကောင်းနေဆဲ ဗွီဒီယိုပို့စ်စခရင်ရှော့နဲ့ ပို့စ်ပါစာသားကောက်နုတ်ကို အောက်မှာ ကြည့်ပါ။
“အမျိုးသမီးတွေ စစ်မှုထမ်းခိုင်းဖို့ မအလ ကို
မြှောက်ပေးတဲ့ ဦးကိုကိုကြီး ပစ်သတ်ခံရပြီ
အာချောင်ချင်ဦးဟ သေစမ်းကွာ(ရုပ်သံ)”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “MCM”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေ ကို ပြန်လည်ကူးယူဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့နေရာတခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာကြည့်ပါ။
နိုင်ငံရေးပါတီများနဲ့ စစ်ကောင်စီတွေ့ဆုံစဉ်မှာ စစ်မှုထမ်းကိစ္စကို ပြောခဲ့တာမရှိဘူးလို့ ဦးကိုကိုကြီးက တွေ့ဆုံမေးမြန်းမှုတခုမှာ ဖြေကြားပါတယ်။
အခုလည်း တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာတွေဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ ရှည်တာရှည်မှာ စစ်ကောင်စီတပ်တိုက်ခိုက်ခံရမှု၊ ဒဂုံဆိပ်ကမ်းနဲ့ တာမွေမှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကောက်ယူမှု၊ မြင်းမူနဲ့ ထန်းတပင်မှာ စစ်ယာဉ်တန်း၊စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စတဲ့ သတင်းတွေကို ဖော်ပြထားတယ်။
သုံးသပ်ချက်
စစ်မှုထမ်းမှုဥပဒေအတိုင်း အမျိုးသမီးတွေကိုပါ ခေါ်ဖို့ စစ်ခေါင်းဆောင်ကို ပြောတယ်ဆိုတာ မဟုတ်ကြောင်း ပြည်သူ့ပါတီက ဦးကိုကိုကြီးက ငြင်းဆိုထားပါတယ်။ ဒီလိုပဲ ဒီကိစ္စကြောင့် ဦးကိုကိုကြီး ပစ်သတ်ခံရတယ်ဆိုတာ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ပြောဆိုချက်- အမျိုးသမီးတွေကိုပါ စစ်မှုထမ်းခေါ်ဖို့ စစ်ခေါင်းဆောင်ကို ပြည်သူ့ပါတီ ဦးကိုကိုကြီး မြှောက်ပေးလို့ ပစ်သတ်ခံရ

Title:Fact Check: အမျိုးသမီး စစ်မှုထမ်းကိစ္စကြောင့် ပါတီခေါင်းဆောင် ဦးကိုကိုကြီး ပစ်သတ်ခံရတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False