Fact Check: လက်ရှိပဋိပက္ခမှာ အစ္စရေးအသုံးပြုနေတဲ့ Iron Beam လေဆာ လက်နက် လား- မဟုတ်ပါ
လက်ရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ အစ္စရေးထုတ်သုံးလာတဲ့ Iron Beam လေဆာသုံးဒုံးခွင်လက်နက်လို့ဆိုပြီး ဗွီဒီယိုတခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ တကယ်တော့ ဒီလက်နက်ကို လက်ရှိစစ်ပွဲမှာ သုံးနေပြီဆိုတဲ့အထောက်အထားမရှိပါဘူး။ ဒီဗွီဒီယိုဟာ အွန်လိုင်းမှာ မျှဝေထားတာ အနည်းဆုံး ၁ လဝန်းကျင်ရှိပြီဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။
“လက်ရှိ အစ္စရေး vs ပါလက်စတိုင်း စစ်ပွဲတွင်
အစ္စရေး မှ ပွဲထုတ်လာသော Iron Beam Best. laser
Anti-Missile လက်နက်
#kokhant”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
တကယ်တော့ ဒီဗွီဒီယိုဟာ လက်ရှိ အစ္စရေး-ဟားမတ်စ်စစ်ပွဲမတိုင်ခင်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေ တာဖြစ် ပါတယ်။ ဖေ့စ်ဘွတ်မှာ ဂိမ်းဗွီဒီယိုဖန်တီးသူတယောက်က ဖန်တီးထားတဲ့ စုပေါင်းစပ်ပေါင်း ဗွီဒီယိုသာဖြစ်တယ်။ စက်တင်ဘာ ၄ ရက်ကမျှဝေထားတဲ့ မူရင်း ဗွီဒီယိုကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုဂိမ်းဗွီဒီယိုထဲမှာ အမေရိကန်အခြေစိုက် စစ်လက်နက်လုပ်ငန်းစုတခုဖြစ်တဲ့ RTX က ၂၀၁၉ ခုနှစ် ဧပြီ ၁၅ ရက်က ထုတ်ပြန်ခဲ့တဲ့ ဗွီဒီယိုအစိတ်အပိုင်းတွေကို အတော်များများအသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ကြည့်ပါ။
ထို့အပြင် အောက်တိုဘာ ၇ ရက်စတင်ခဲ့တဲ့ ဟားမတ်စ်နဲ့ စစ်ပွဲမှာ အစ္စရေးအနေနဲ့ ဒီ Iron Beam လေဆာ စနစ်သုံး လက်နက်ကို အသုံးပြုခဲ့တယ်ဆိုတဲ့ အထောက်အထားမရှိချိန်မှာ ဒီလက်နက်ကို သုတေသနပြုစမ်း သပ်နေတဲ့ အစ္စရေးအခြေစိုက် Rafael ကုမ္ပဏီကတော့ ၂ ကီလိုမိတာ(၂၀၀၀ မီတာ)အတွင်း လေကြောင်းက လာတဲ့ ခြိမ်းခြောက်မှုတွေကို ဖျက်ဆီးပစ်မယ့် ၇.၅ ကီလိုဝပ်ရှိတဲ့ စွမ်းအားမြင့်လေဆာ(High Energy Laser-HEL) လက်နက်ဟာ ကနဦး စမ်းသပ်အောင်မြင်မှုအဆင့်(prototype)မှာရှိနေပြီလို့ ကြေညာထားပါတယ်။ ဒီပြောဆိုချက်အရ လက်တွေ့ အသုံးပြုနိုင်နေပြီဆိုတဲ့ အဆင့်မဟုတ်သေးတာ တွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ အစ္စရေးအနေနဲ့ ဒီ Iron Beam လေဆာ စနစ်သုံး လက်နက်ကိုတီတွင် နေတာမှန်ပေမဲ့ ဒီစနစ်ကို အသုံးပြုနိုင်ပြီဆိုတဲ့ အထောက်အထားမရှိသေးပါဘူး။ ဒီလိုပဲ အခုမျှဝေထားတဲ့ ဗွီဒီယိုဟာ အပျော်တမ်း ဗွီဒီယိုဖန်တီးသူတဦးက ဖန်တီးထားတဲ့ စုပေါင်းစပ်ပေါင်းဗွီဒီယိုသာဖြစ်တယ်။
Title:Fact Check: လက်ရှိပဋိပက္ခမှာ အစ္စရေးအသုံးပြုနေတဲ့ Iron Beam လေဆာ လက်နက် လား- မဟုတ်ပါ
Written By: နေရာမောင်Result: False