အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကို တရုတ်က လေယာဉ် ၃၃ ကူညီမှု၊ မြန်မာစစ်တပ်ဘက်က လေယာဉ် တွေနဲ့ CDM ပြုလုပ်လာမှုဆိုတဲ့ ဗွီဒီယိုတွေ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားရာမှာ ပျံ့နှံ့မှုအားကောင်းလျှက်ရှိ ပါတယ်။ သတင်းမှားတွေသာဖြစ်တယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။

“NUG ကို လေယဉ် (၃၃)စီး ကူညီမယ်ဟု တရုတ်အစိုးရ ကြေငြာ”စသည်ဖြင့် ဗွီဒီယိုအစပြသတဲ့ ရုပ်ကတ်မှာ ရေးသားထားသလို ဗွီဒီယိုခေါင်းစီးစာသားမှာလည်း “6 December 2023,တရုတ်အစိုးရက NUG ကို မြန်မာအစိုးရတဲ့။ မင်းအောင်လှိုင်သွေးတိုးနိုင်။ လေယဥ်၃၃စီးရပီ”စသည်ဖြင့်ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Yotube link | Archive link

တူညီတဲ့ရေးသားမျှဝေမှုကို ဒီယူကျူ့ချန်နယ်ရဲ့ ဒီနေရာနဲ့ဒီနေရာမှာလည်းပါတယ်။ NUG ဆီကို လေတပ်က လေယာဉ်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတာကြောင့် လေယာဉ် ၁၁ စီးရှိနေပြီလို့ ဆိုထားပါတယ်။

အချက်အလက်စိစစ်ချက်

အခု ယူကျူ့ ဗွီဒီယိုမှာပါတဲ့ ဖော်ပြချက်အချို့ကို အချက်အလက်စိစစ်ကြည့်ရအောင်ပါ။ အောက်ပါစာသား တွေကတော့ ဗွီဒီယိုထဲမှာအသံနဲ့ ဖတ်ကြားပြောဆိုနေတဲ့ ပြောဆိုချက်ဖြစ်တယ်။

“မင်းအောင်လှိုင်ရှုံးပြီး သေရတော့မှာဆိုတာသိနေတဲ့ တရုတ်အစိုးရကတော့ မြန်မာပြည်သူဘက်ပါပြီးတော့ NUG အစိုးရနဲ့တောင် တွေ့ဆုံဆွေးနွေးဖို့ လုပ်နေပါပြီ။ အာဏာသိမ်း ၃ နှစ်တာလုံးလုံးမှာ တရုတ်အစိုးရက မြန်မာစစ်တပ်ကိုပဲ အမြဲတမ်း ကူညီစောင်မနေတယ်လို့ ထင်ခဲ့ကြပေမဲ့ မြန်မာစစ်တပ်ပျက်အောင် အဓိက ကူညီပံ့ပိုးနေသူက တရုတ် ဖြစ်ပြန်တယ်။ ရှမ်းပြည်နယ်တခုလုံးကို သိမ်းပိုက်နိုင်တဲ့ မြောက်ပိုင်းညီနောင် ၃ ဖွဲ့အသုံးပြုတဲ့ လက်နက်တွေ၊ ဒရုန်းတွေက တရုတ်အစိုးရက ထောက်ပံ့တာလို့ ဆိုပါတယ်။ အခုတခါမှာလည်း တရုတ်အစိုးရက ဘာကြေညာ လာလဲဆိုရင် အထူးအနေနဲ့ NUG အစိုးရနဲ့ တွေ့ဆုံဆွေးနွေးချင်တယ်၊ အနာဂတ်မှာ တရုတ်အစိုးရအနေနဲ့ NUG ကို လက်နက်များစွာထောက်ပံ့ပြီး နောက်ဆုံးအနေနဲ့ လေကြောင်း အသုံးပြုလို့ ရဖို့အတွက် လေယာဉ်တွေတောင် ထောက်ပံ့မယ်လို့ တရုတ်အစိုးရက အတိအလင်းကြေညာ လိုက်ပါပြီ”

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့လို့ လူသိများ တဲ့ MNDAA၊ TNLA နဲ့ AA တို့ဟာ အာဏာသိမ်း စစ်ကောင်စီကို ထိုးစစ်စတင်ဆင်နွှဲကြောင်းကြေညာပြီး စစ်တပ်စခန်းသိမ်း တိုက်ပွဲတွေ စတင်ဆင်နွှဲနေပါတယ်။ သူတို့ ၃ ဖွဲ့ကို တရုတ်သြဇာခံမလွန်ဆန်နိုင်တဲ့ လက်နက်ကိုင်အဖွဲ့တွေအဖြစ် အများအပြားက ရှု့မြင်ပြီး အခုလို ၁၀၂၇ စစ်ဆင်ရေးဆင်နွှဲခဲ့တာဟာ တရုတ်အစိုးရက မီးစိမ်းပြလိုသာဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ရှိပြီး အာဏာသိမ်းစစ်တပ်ကလည်း ဒီအချက်ကိုအသုံးချပြီး ရှမ်းမြောက်မှာ သူတို့အကြီးအကျယ် ရှုံးနိမ့်နေရတာဟာ ပြည်ပနိုင်ငံတခုက ပါဝင်ပတ်သတ်နေလို့ဆိုပြီး ဝါဒဖြန့်ချိပါတယ်။ သို့ပေမဲ့ ဒီ ၁၀၂၇ စစ်ဆင်ရေးအပြီးမှာ ဒီယူဆချက်ကို ဒီယူဆချက်ဟာ ပျက်ပြယ်သွားပါတယ်။ တရုတ်က နယ်စပ်တည်ငြိမ်ဖို့အတွက် နယ်စပ်အနီးက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ထိတွေ့ဆက်ဆံပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ တချိန်လုံးတိုက်တွန်းနေချိန်မှာပဲ အခုလို စစ်ပွဲအကြီးအကျယ်ထဖြစ်ခဲ့တာဖြစ်တယ်။

ဒီလိုပဲ တရုတ် နှင့် မြန်မာဖက်စပ်ကုမ္ပဏီ Myanmar CNMC Nickel က နှစ်ရှည်လုပ်ငန်းလုပ်ကိုင်ရရှိထားသော တကောင်းနီကယ်စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးနေသော လျှပ်စစ်တာဝါတိုင်တွေ ဇန်နဝါရီလ ၇ ရက်နေ့က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီးနောက် ရန်ကုန်အခြေစိုက် တရုတ်သံရုံးက NUG ကို ဆက်သွယ်ပြောဆိုခဲ့တာရှိတယ် ပါတယ်။ ထို့အပြင် အာဏာသိမ်းအပြီး ရက်ပိုင်းအတွင်းမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူ​တွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုချက်ကို တရုတ်ဟာ ရုရှားနဲ့အတူ ပါဝင်ထောက်ခံချက် နဲ့ ၂၀၂၂ ခုနှစ်အတွင်းက မြန်မာအရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် နဲ့ သမ္မတဦးဝင်းမြင့် အပါအဝင် ဖမ်းဆီးထားသူ​တွေကို ပြန်လွှတ်ပေးဖို့တောင်းဆိုချက်မှာ မဲမပေးခဲ့တဲ့ ရပ်တည်ချက်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်နေရာ ရွေးချယ်ရေးမှာ ဆုံးဖြတ်ချက်မချဘဲ လက်ရှိ ဦးကျော်မိုးထွန်းဆက်လက်ရပ်တည်ခွင့်ရတဲ့ ဆုံးဖြတ်ချက် ကလွဲလို့ NUG နဲ့ ဆွေးနွေးမှုဆိုတဲ့ အထောက်အထားမတွေ့ရှိရပါဘူး။

တဖက်မှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်ကို လက်ရှိအချိန်အထိ တရုတ်နိုင်ငံကို ဖိတ်ခေါ်ခြင်းမပြုသေးဘဲ တရုတ်က ခပ်လှမ်းလှမ်းကစောင့်ကြည့်နေပေမဲ့ စစ်ကောင်စီနဲ့ တရုတ်အစိုးရဟာ အပြန်အလှန်ထိတွေ့ဆက်ဆံမှုရှိပါတယ်။

ဒီလိုပဲ လေယာဉ်ယူဆောင်လာပြီး CDM ဝင်ရောက်လာတယ်ဆိုတဲ့ သတင်းမျိုးလည်း လက်ရှိအချိန်အထိ သတင်းမီဒီယာတွေက ဖော်ပြချက်မတွေ့ရပါဘူး။

သုံးသပ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မရှိပါဘူး။ အခုလို ဗွီဒီယိုကို ဖြန့်ချိနေတဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် ဖေ့စ်ဘွတ်မှာ ရေးသားချက်တွေ၊ အတွေးအမြင်တွေကို လိုအပ်သလို ခေါင်းစဉ်တုတွေတပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည်ဖြန့်ချိနေတာတွေ့ရပါတယ်။ တရုတ်က NUG ကို လေယာဉ် ၃၃ စီးပေးမယ်ဆိုတာ မဟုတ်ပါဘူး။ ဒီလိုပဲ စစ်ကောင်စီလေတပ်က လေယာဉ်နဲ့ CDM ပြုလုပ်လာတယ်ဆိုတာလည်းမဟုတ်ပါဘူး။

Avatar

Title:Fact Check: NUG ကိုတရုတ်က လေယာဉ် ၃၃ စီးထောက်ပံ့မှုနဲ့ လေယာဉ်တွေ လက်ခံရရှိနေမှုသတင်းတု

Written By: နေရာမောင်

Result: False