Fact Check: NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီဆိုတဲ့သတင်းမှား

နိုင်ငံရေး | Politics

NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီလို့ဆိုထားတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြားပျံ့နှံ့မှုအား ကောင်းလျက်ရှိပါတယ်။ သတင်းမှားဖြစ်ပါတယ်။ Reuters ကပြုလုပ်တဲ့ ဆွေးနွေးပွဲတစ်ခုမှာ NUG သမ္မတက စစ်တပ်နဲ့ဆွေးနွေးဖို့ အချက် ၅ ချက်ကို အာမခံချက်ရှိမှသာဆွေးနွေးဖို့အတွက် ဖြစ်နိုင်တယ်ဆိုတဲ့ ပြောကြားချက်ကို ထင်ယောင်ထင်မှားဖြစ်ဖွယ်ရေးသားဖြန့်ဝေနေခြင်းဖြစ်ပါတယ်။

“NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီ”လို့ ရေးသားပြီး “Always” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ က ဒီဇင်ဘာ ၂ ရက်အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီဗွီဒီယိုကို ကြည့်ရှုတဲ့အကြိမ်အရေအတွက် ၂ သိန်း ၅  သောင်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

ဒီဇင်ဘာ ၁ ရက်နေ့မှာ REUTERS NEXT – “Leadership Summit နှင့် Global Broadcast” အစီအစဉ်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလဖြေကြားခဲ့တဲ့ အင်တာဗျူးအဖြည့်အစုံကို ဒီလင့်ခ်မှာ ကြည့်ပါ။ ဒီအစီအစဉ်အစမှာ NUG သမ္မတက နိုင်ငံတကာကို လက်နက်အကူအညီတောင်းခဲ့ပါတယ်။ ၁၈ မိနစ်ရှည်လျားတဲ့ ဒီအင်တာဗျူးမှာ ၆ မိနစ် ၃၀ စက္ကန့်အကြာမှာ ရိုက်တာသတင်းဌာနဘက်က စစ်ကောင်စီနဲ့ဆွေးနွေးဖို့ရှိမရှိမေးမြန်းရာမှာတော့ လူထုကတော့ ဆွေးနွေးမှုကိုလက်မခံဘူးလို့ အတိအလင်းပြောကြားထားပြီးဖြစ်ပေမဲ့ NUG အစိုးရအနေနဲ့ကတော့ လူထုကောင်းကျိုးအတွက် ဆွေးနွေးမှုလုပ်ကောင်းလုပ်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ သို့သော်လည်း သတ်မှတ်ချက် ၅ ချက်ကို လက်ခံနိုင်မှသာ စစ်တပ်နဲ့ဆွေးနွေးလို့ရမယ် လို့လည်း သမ္မတက ပြောကြားခဲ့ တာဖြစ်ပြီး အဲဒါတွေကတော့ အာဆီယံရဲ့ အရင်ကတည်းက တောင်းဆိုချက် ဖြစ်တဲ့ ပြည်သူလူထုကို သတ်ဖြတ်နေတာတွေကို ချက်ချင်းရပ်တန့်ဖို့၊ တပ်မတော်ဟာ နိုင်ငံရေးလောကက လုံးဝစွန့်ခွာရမယ်၊ နိုင်ငံတကာက နိုင်ငံသားတွေပေါ်ပေးတဲ့အကူအညီကို အနှောင့်အယှက်မပြုရရန်၊ ၂၀၀၈ အခြေခံဉပဒေဟာ ဒီမိုကရေစီနဲ့ မညီလို့ ဖျက်သိမ်းတာကို လက်ခံရမယ်၊ ဒီသဘောတူညီချက်တွေကို နိုင်ငံတကာကနေ ကြားခံအာမခံပါဝင်ပေးမယ်ဆိုရင် ဆွေးနွေးမှုကို လက်ခံနိုင်မယ်လို့ ပြောကြားခဲ့ တာဖြစ်ပါတယ်။ 

မိတ်ဆွေ အမေရိကန်နဲ့ အီးယူတို့က ယူကရိန်းကို ကူညီသလိုမျိုး မြန်မာကို အကူအညီပေးကြဖို့နဲ့၊ မြန်မာပြည် သူတွေဟာ မြန်မာစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အတော်လေး ခံစားနေရတယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတက ပြောဆိုကြောင်းအပါအဝင်  VOA မြန်မာပိုင်းက ဒီအင်တာဗျူးအနှစ်ချုပ် ဖော်ပြချက်ကို ဒီလင့်ခ်မှာလည်းတွေ့ရပါတယ်။

သုံးသပ်ချက်

ဒီဇင်ဘာ၁ ရက်က Reuters ကပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ သမ္မတ ဒူဝါလရှီးလရဲ့ စစ်တပ်နဲ့ ဆွေးနွေးဖို့ရာ ကြိုတင်လိုအပ်ချက် ၅ ချက်ကို ထုတ်ပြောခဲ့တာရှိပါတယ်။ ဒီသတင်းကို VOA မြန်မာပိုင်းကဖော်ပြရာမှာ လူတွေစိတ်ဝင်စားမှုရရှိခဲ့ပါတယ်။ ဒီလိုအခြေအနေမှာပဲ ဒီသတင်းကို ပြန်လည်ကူးယူပြီးဖော်ပြရာမှာ လူစိတ်ဝင်စားမှုထပ်မံရရှိဖို့အတွက် NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီလို့ သတင်းမှားဖြန့်ချိခဲ့တာ တွေ့ရပါတယ်။

Avatar

Title:Fact Check: NUGနဲ့ နစက မူ၅ ချက် သဘောတူညီမှုရပြီဆိုတဲ့သတင်းမှား

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *