
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ရဲ့ လိုင်ဇာမြို့က ကာကင်းကုန်း ၃ ကုန်းကို မြန်မာတပ်မတော်က သိမ်းပိုက်ပြီး လက်နက်အများအပြား သိမ်းဆည်းရရှိတဲ့အခြေအနေဆိုကာ တန်းစီထားတဲ့ လက်နက်ဓာတ်ပုံ အပါအဝင် ဓာတ်ပုံ ၄ ပုံနဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ်အသုံးပြုသူတွေအကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်ပါတယ်။ ဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကတည်းက အကြောင်းအရာအမျိုးမျိုးနဲ့ ပျံ့နှံ့လျှက် ရှိတဲ့ဓာတ်ပုံတွေဖြစ်ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့လျှက်ရှိတဲ့ပို့စ်ပါစာသားတွေပဲဖြစ်ပါတယ်။
“တပ်မတော်၏ထိုးစစ်ကြောင့် အကြမ်းဖက် kia အဖွဲ့ခေါင်းဆောင် အင်ဘန်လှ တရုတ်နိူင်ငံ ခွေးမှင်မြို့သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရပြီး လိုင်ဇာမြို့ရဲ့ ကာကင်းကုန်း(၃)ကုန်းကို တပ်မတော်က သိမ်းပိုက် အပြီးမြန်မာ့တပ်မတော်ကို အလှူကြီးပေးခဲ့တဲ့ဓါတ်ပုံတွေကို အခုလိုတွေ့ရပါတယ် ၊ ဒီလက်နက်တွေကို ရှမ်းနီ ကာကွယ်ရေးတပ်ဖွဲ့တွေအတွက်ပေးအပ်သွားမယ်လို့သိရပါတယ် ၊ Aung Min”လို့ ရေးသားပြီး “ထွန်း ထွဋ် ဝင်း” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။
အချက်အလက်စိစစ်ချက်
ဓာတ်ပုံတွေကို Yandex မှာပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်းက ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
လက်နက်တွေစီတန်းပြီးမြေပြင်ပေါ်ချထားတဲ့ ပထမဆုံးဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်အတွင်းက အာဖဂန်နစ္စတန် နိုင်ငံမှာ တာလီဘန်တွေကို မြို့တော်ကိုထိန်းချုပ်ပြီးနောက်တွေ့ရတဲ့အမေရိကန်လက်နက်တွေဖြစ်ပါတယ်။

မူရင်းလင်ခ့် – Kimdeyir | Archive link
ဒီသေနတ်တွေစုပုံထားတဲ့ ဓာတ်ပုံကိုပဲ ပြီးခဲ့တဲ့နှစ်က လှိုင်သာယာမှာ ကျူးကျော်တွေဖျက်တော့တွေ့ရတဲ့ လက်နက်တွေအဖြစ် သတင်းမှားဖြန့်ခဲ့ပါသေးတယ်။ Fact Crescendo Myanmar ကအချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။
နောက်ထပ်ဓာတ်ပုံတစ်ပုံဖြစ်တဲ့လက်နက်တွေ စီတန်းထောင်ထားတဲ့ဓာတ်ပုံကိုတော့အထက်ကဓာတ်ပုံနဲ့အတူ စစ်တပ်ဝါဒဖြန့်ချိရေးသတင်းတုဝက်ဘ်ဆိုဒ်မှာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
အခြားသောလက်နက် လက်နက်အနည်းငယ်မြေပေါ်မှာ စီတန်းထားတဲ့ ဓာတ်ပုံကိုတော့ တရုတ်ဝက်ဘ်ဆိုဒ် တစ်ခုမှာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
သုံးသပ်ချက်
လိုင်ဇာမြို့ရဲ့ ကာကင်းကုန်း ၃ ကုန်းကို စစ်တပ်က သိမ်းပိုက်ပြီးနောက်ရရှိတဲ့ လက်နက်တွေအဖြစ်ဖော်ပြထားတဲ့ ဓာတ်ပုံတွေဟာ အင်တာနက်မှာ ပြီးခဲ့တဲ့နှစ်ကတည်းက အကြောင်းအရာအသီးသီးနဲ့ ပျံ့နှံ့လျှက်ရှိတဲ့ ဓာတ်ပုံတွေ ဖြစ်တာတွေ့ရပါတယ်။ KIA ဌာနချုပ်ကို စစ်တပ်ထိုးစစ်ဆင်တယ်ဆိုတဲ့ အထောက်အထားမျိုးလည်း မတွေ့ရ ပါဘူး။

Title:Fact Check: KIA ရုံးချုပ် လိုင်ဇာက သိမ်းဆည်းရမိတဲ့လက်နက်တွေ ဓာတ်ပုံလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False