
လပွတ္တာမှာ မုန်တိုင်းဝင်သွားပြီးနောက်အခြေအနေဆိုပြီးတော့ အပျက်အစီးမြင်ကွင်းဓာတ်ပုံတစ်ပုံကို ဖေ့စ်ဘွတ် အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။
သို့သော် ဒီသတင်းဟာ မှားပါတယ်။ ဓာတ်ပုံဟာလည်း ၂၀၁၃ ခုနှစ် နိုဝင်ဘာလက ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဝင်ရောက်ခဲ့တဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။
“ညနေ ၃နာရီ အခြေအနေပါလပွတ္တာပါ 🥺
အိမ်တွေ တော်တော်များများ အကုန်ပါကုန်ပြီဗျာ😢
ဂရုစိုက်ကြပါအမျိုးတို့ 💔
Photos
Crd” စသည်ဖြင့် ရေးသားပြီး “PyaePhyo Zaw”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက အောက်ပါအတိုင်း မျှဝေထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ၂၀၁၃ ခုနှစ်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် ဖိလစ်ပိုင်နိုင်ငံ တက္ကလိုဘန်(Tacloban)မြို့က အပျက်အစီး ဓာတ်ပုံဖြစ်တာ တွေ့ရပါတယ်။
၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၂ ရက်စွဲနဲ့ Reuters သတင်းဌာနက “Tacloban in ruins”လို့ရေးသားထားတဲ့ သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အောက်ပါအတိုင်းရေးသားထားပါတယ်။
“၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၀ ရက်က အင်အားပြင်း ဆူပါတိုက်ဖွန် မုန်းတိုင်း ဟိုင်ယန်(Haiyan)ကြောင့် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း တက္ကလိုဘန်(Tacloban)မြို့ကို ဝင်ရောက်ပြီးနောက် အမှိုက်သရိုက်နှင့် အိမ်အပျက်အစီးများကြား ရပ်နေတဲ့ လူများ”

မူရင်းလင်ခ့် – Reuters | Archive link
မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အာဆာနီ(Asani)မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုကြီးမားခဲ့တဲ့ သတင်းမျိုး မတွေ့ရသေးပါဘူး။ မုန်းတိုင်းရဲ့လမ်းကြောင်းကို ဒီနေရာကြည့်နိုင်ပါတယ်။
မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်အနီးကနေ မြောက်ဘက်ကိုဆက်ရွှေ့လျားနိုင်ပြီး မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းအနီး၊ မတ်လ ၂၃ ရက် မနက်ပိုင်းမှာ ရခိုင်ပြည်နယ်၊ သံတွဲမြို့အနီး ကနေ ဖြတ်ကျော်ဝင်ရောက်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ခန့်မှန်းထားပါတယ်။
မူရင်းလင်ခ့် – BBC NEWS | Archive link
သုံးသပ်ချက်
အာဆာနီမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့တာတွေ့ရပါတယ်။ သို့သော်လည်း ကြီးမားတဲ့ အပျက်အစီး အချက်အလက်မတွေ့ရပါဘူး။ ၂၀၁၃ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံက ဓာတ်ပုံကို အသုံးပြုပြီး လပွတ္တာက အပျက်အစီးဓာတ်ပုံဆိုပြီးတော့ မျှဝေနေခြင်းဖြစ်ပါတယ်။

Title:Fact Check: ၂၀၁၃ ခုနှစ် ဖိလစ်ပိုင်မုန်တိုင်းက ဓာတ်ပုံကို လပွတ္တာမှာ မုန်တိုင်း ဝင်ရောက်ပုံအဖြစ်ဖော်ပြနေတဲ့သတင်းမှား
Fact Check By: Zun ZeeResult: False