
စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မြစ်ကြီးနားခရီးစဉ်မှာ ၎င်းလက်အောက်ခံ လုံခြုံရေး တပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေက ပစ်ခတ်တိုက်ခိုက်မှုလို့ရေးသားပြီး ဗွီဒီယို တစ်ခုကို ဖေ့စ်ဘွတ်မှာမျှဝေလျက်ရှိရာ ဒီဗွီဒီကို ပြန်လည်မျှဝေသူ ထောင်ဂဏန်းဝန်းကျင်ရှိပါတယ်။
၂ မိနစ်နဲ့ ၅၄ စက္ကန့်ရှည်လျားတဲ့ ဒီဗွီဒီယိုမှာ ရဲဝတ်စုံဝတ်ထား သူတွေဟာ နောက်မိုးဖွင့် နှစ်ခန်းတွဲ အိမ်စီးကားဖြူ ၂ စီးပေါ်မှာ ထိုင်လျှက် ရံဖန်ရံခါ သေနတ်ထုတ်ချိန်တဲ့ မြင်ကွင်း၊ ကား ၂ စီးဟာ ရှေ့တိုးနောက်ဆုတ်လုပ်နေတဲ့ မြင်ကွင်းများနဲ့ သေနတ်နဲ့ပစ်ခတ်သံအချို့လည်းပါဝင်ပါတယ်။
သို့သော်လည်း ဒီဗွီဒီယိုဟာ မတ်လအတွင်းကတည်းက အင်တာနက်မှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
“သောင်းကျန်းသူ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင် ကချင်ပြည် ရောက်ရှိနေ စဉ် သူ့ အောက်ခြေသောင်း ကျန်းသူ အဖျက်သမားများအား မြစ်ကြီးနား ဒေသခံ PDF များ တိုက်ခိုက်။”လို့ရေးသားပြီး “Matsaw Ningtsa” အမည်နဲ့ ဖေ့စ်ဘွတ် အသုံးပြု သူက စက်တင်ဘာ ၁၉ ရက်က မျှဝေထားရာ ဒီပို့စ်ကို ပြန်လည်မျှဝေ မှုပေါင်း ၁ ထောင် ၈ ရာရှိပါတယ်။တူညီစွာရေးသားထားတဲ့ ပို့စ်ကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာမှာလည်း တွေ့ရပါ တယ်။

မူရင်းလင်ခ့် – Fb link | Archive link
စစ်တပ်ခေါင်းဆောင်မြစ်ကြီးနားခရီးကအဖြစ်အပျက်အဖြစ်မျှဝေထားတဲ့ ဗွီဒီယိုအောက်မှာ မော်လမြိုင်က ဖြစ်စဉ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူအချို့က မှတ်ချက်ပေးထားတာတွေ့ရပါတယ်။
အဓိကကျတဲ့ စကားလုံးအချို့အသုံးပြုပြီး ဗွီဒီယိုကိုရှာဖွေကြည့်ရာမှာ ဖေဖော်ဝါရီ ၂၈ ရက်က မော်လမြိုင် ဈေးကြီးမှာ စစ်တပ်နှင့်ရဲက အိမ်စီးကားများနဲ့ လာရောက်ပစ်ခတ်ပြီးမှုဖြစ်စဉ်ဖြစ်တာတွေ့ရပါတယ်။ ဒီလိုပစ်ခတ်မှုကြောင့် အသက် ၂၀ အရွယ် မောင်တောက်ထွန်း နှင့် အသက် ၂၁ နှစ်အရွယ် မောင်ဇင်မျိုးသူ(ခ) ရှရစ်တို့ ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ မတ် ၁ ရက်စွဲနဲ့ ခေတ်သစ်သတင်းဌာနကဖော်ပြချက်မှာ ရေးသား ထားပါတယ်။
မူရင်းလင်ခ့် – Khit Thit News | Archive link
စစ်တပ်ခေါင်းဆောင်မြစ်ကြီးနားခရီးအတွင်း ပစ်ခတ်မှုလို့ ရေးသားထားတဲ့ ဗွီဒီယိုပါ မြင်ကွင်းအချို့နဲ့ ခေတ်သစ် သတင်းဌာနက သတင်းဖော်ပြချက်ပါ ဗွီဒီယိုမြင်ကွင်းအချို့ကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ဖေဖော်ဝါရီ ၂၈ ရက်က မော်လမြိုင် ဈေးကြီးမှာ စစ်တပ်နှင့်ရဲအချို့ အိမ်စီးကားနဲ့ လာရောက်ပစ်ခတ်မှုဗွီဒီယိုဖြစ်ပါတယ်။

Title:ဒီဗွီဒီယိုက စစ်တပ်ခေါင်းဆောင် မြစ်ကြီးနားခရီးစဉ်မှာ ပစ်ခတ်ခံရမှုလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: False