
ကုလသမဂ္ဂ(United Nations- UN) ကမြန်မာနိုင်ငံကို စစ်ရေးအရ အရေးယူမယ်ဆိုပြီး မျှဝေထားတဲ့ အကြောင်းအရာကို လူမှုကွန်ယက်အသုံးပြုသူထောင်ပေါင်းများစွာက မျှဝေထားတာတွေ့ရပါတယ်။
UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်လို့ ရေးသား ထားတဲ့ စစ်တပ်သုံးယာဉ်ပုံတွေနဲ့ ပို့စ်ကို ဖေ့စ်ဘွတ်အသုံးပြုသူ ထောင်ပေါင်းများစွာက ပြန်လည်မျှဝေထားသလို ၇၂ နာရီအတွင်း စစ်ကြေညာမယ်ဆိုတဲ့ပို့စ်ကို ထောင်ပေါင်းများစွာက ပြန်လည်မျှဝေနေတာတွေ့ရပါတယ်။
လူမှုကွန်ယက် အသုံးပြုသူတွေအကြားပျံ့နှံမှုအားကောင်းခဲ့တဲ့ UN အထူးအစည်းအဝေးအောင်မြင်သွားပြီ ဖြစ်တာကြောင့် ၂ ပတ်အတွင်းအရေးယူမှုတွေစတင်မယ်ဆိုတဲ့ ပို့စ်ကို အောက်ပါအတိုင်းတွေ့ရပါတယ်။ တူညီစွာရေးသားထားပြီး အခြားသော ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ပို့စ်တွေကို ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာ နဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
“UN အထူးအစည်းဝေးအောင်မြင်ပါပြီ…
ထောက်ခံမဲ ၃၇ မဲ …
ကန့်ကွက်။ ၆မဲ…..
အရေးယူဖို့ အဆို အောင်မြင်သွားပါပီ.!!!
စစ်အာဏာရှင်ကို အရေးယူဖို့ ၂ ပတ်အတွင်း အစည်းအဝေးခေါ်ယူပီး ဆုံးဖြတ်ပါမယ်.!!!!
နှစ်ပတ်အတွင်း စစ်အာဏာရှင်က မီးကုန်ယမ်းကုန်ယုတ်မာပါလိမ့်မယ် ။
ပြည်သူတွေတောင့်ထားပါ ။
သပိတ်မှာ ပါဝင်ပတ်သက်သူတွေ ကိုယ့်ကိုဖမ်းမယ်လို့ ထင်ရင် ရှောင်နေပါ ။
ပြည်သူတွေက ကူညီပါလိမ့်မယ် ။
( ၈၈ ) အရေးခင်းလို ဆူပူမှုတွေဖြစ်အောင် ညအချိန်မှာ လူစိမ်းတွေ ကားနဲ့ လိုက်ချနေပါတယ် ။
ဖမ်းမိရင် လက်မလွန်မိပါစေနဲ့ ၊ အထူးသတိပြုကြပါ၊ ။
အာဏာရှင် ပြေးစရာ မြေမရှိတော့ဘူး !!!
#အရေးတော်ပုံအောင်ရမည်
#WeNeedR2PInMyanmar
#WeSupportDrSasa
#WeSupportCRPH
#RejectTheMilitaryCoupMyanmar”လို့ရေးသားပြီး မျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေသူ ၄ ထောင်ကျော်ရှိခဲ့ပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
နောက်ထပ်သတင်းတစ်ခုဖြစ်တဲ့ ၄၈ နာရီအချိန်ပေးထားတယ်၊ စစ်တပ်အနေနဲ့အာဏာရယူထားတာကို နောက်ပြန်မလှည့်ဘူးဆိုရင် စစ်ကြေညာမယ်ဆိုပြီးတော့ ဖေဖော်ဝါရီ ၁၉ ရက်က အောက်ပါအတိုင်း တွေ့ရပါတယ်။ ဒီနေရာ၊ ဒီနေရာ၊ ဒီနေရာတွေမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
သို့သော်လည်း မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မဲခွဲဆုံးဖြတ်ခဲ့တာ၊ စစ်ရေးအရ အရေးယူဖို့ ဆုံးဖြတ်တယ်ဆိုတဲ့ အထောက်အထားမျိုး Fact Crescendo အနေနဲ့ မတွေ့ရပါဘူး။
အချက်အလက်စိစစ်ချက်
လူမှုကွန်ယက်မှာ ပျံ့နှံ့ခဲ့ပုံကို လေ့လာကြည့်ရာမှာ UN ကအထူးအစည်းအဝေးအောင်မြင်သွားပြီ ၂ ပတ်အတွင်း အရေးယူမယ်လို့ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဖေဖော်ဝါရီ ၁၃ ရက်ကတည်းက စတင်တွေ့ရှိရပါတယ်။

Screenshot ဓာတ်ပုံတွေအရ မြန်မာအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာက ဆုံးဖြတ်ချက် ချလိုက်တယ်လို့ ရေးသားထားတာတွေ့ရပါတယ်။ UN Human Right Council ရဲ့ တွစ်တာ လူမှုကွန်ယက် စာမျက်နှာမှာ ဖေဖော်ဝါရီ ၁၂ ရက်အထူးအစည်းအဝေးခေါ်ယူခဲ့ပြီးဆုံးဖြတ်ချက်ခဲ့ကြောင်း ဖော်ပြထားတာ တွေ့ရပါတယ်။
” BREAKING –
အတည်ပြုဆုံးဖြတ်ချက်
အရွေးချယ်ခံ အစိုးရတစ်ရပ်ကို ဖယ်ရှားခဲမှုအတွက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီသည် စိတ်ပျက်မိပါသည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရသူများကိုအားလုံးကို လွှတ်ပေးဖို့ တောင်းဆိုပါသည်”လို့ ရေးသားထားပါတယ်။
မူရင်းလင်ခ့် – UNHCR | Archive link
ထုတ်ပြန်ချက်အပြည့်အစုံလေ့လာကြည့်ရာမှာလည်း “မြန်မာနိုင်ငံမှာ တရားဉပဒေမဲ့ ဖမ်းဆီးခံထားရသူများ ကို ပြန်လွှတ်ပေးဖို့နှင့် နိုင်ငံရေးအပေါ်အခြေအနေကို ပြန်လည်ရုပ်သိမ်းဖို့ လူ့အခွင့်ရေးကောင်စီတောင်းဆို”လို့ ခေါင်းစဉ်မှာရေးသားပါတယ်။
လူ့အခွင့်အရေးကောင်စီအနေနဲ့ မဲခွဲဆုံးဖြတ်ခြင်းမရှိတဲ့ ဆုံးဖြတ်ချက်အနေနဲ့ ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၈ ရက်မှာ ကျင်းပတဲ့ အထွေထွေပွဲကတစ်ဆင့် ရွေးကောက်ခံခဲ့ရတဲ့ အစိုးရကို ဖယ်ရှားမှု၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်ရုပ်သိမ်းခံရမှုတို့နဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်းနဲ့ ရွေးကောက်ခံအစိုးရ ပြန်လည်ဖြစ်ပေါ်ဖို့ တောင်းဆိုခဲ့ပါတာတွေ့ရပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် အခြား တရားဉပဒေမဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့၊ နိုင်ငံတော်အရေးပေါ်အခြေအနေကို ပြန်ရုပ်သိမ်းဖို့၊ အကြမ်းဖက်မှုတွေ မလုပ်ဖို့၊ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားဖို့၊ အခြေခံလွတ်လပ်ခွင့်တွေရှိဖို့ တရားဉပဒေစိုးမိုးမှုရှိစေဖို့လည်း လိုအပ်တယ်ဆိုတာကိုလည်း အလေး ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ရေးသားထားပါတယ်။ သို့သော်လည်း တရုတ်၊ ရုရှား၊ ဗင်နီဇွဲလား။ ဘိုလီဗီးယား၊ ဖိလစ်ပိုင်တို့ကတော့ မထောက်ခံကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
သို့သော်လည်း ဒီဆုံးဖြတ်ချက်မှာ မြန်မာနိုင်ငံကို စစ်ရေးအရ အရေးယူမယ်ဆိုတဲ့ ဆုံးဖြတ်ချက်မတွေ့ရပါဘူး။

မူရင်းလင်ခ့် – UNHCR | Archive link
Algazeera သတင်းဌာနက ဖော်ပြထားတဲ့သတင်းကိုလည်း ဒီလင့်ခ်မှာလည်း လေ့လာနိုင်ပါတယ်။
“စစ်အာဏာရှင်ကို အရေးယူဖို့ ၂ ပတ်အတွင်း အစည်းအဝေးခေါ်ယူပီး ဆုံးဖြတ်ပါမယ်”လို့ ရေးသားချက်နဲ့ ပတ်သက်ပြီး အခြားသော အထောက်အထားများမတွေ့ရပေမဲ့ ကုလသမဂ္ဂလူ့အခွင့်အရေး ကောင်စီ အစည်းအဝေးအပြီး ၂ ပတ်အကြာ ဖေဖော်ဝါရီ ၂၆ ရက်မှာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံဆိုင်ရာ ကုသမဂ္ဂ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြည်သူနဲ့ ရပ်တည်ကြောင်းနဲ့ မြန်မာနိုင်ငံကို အရေးယူဖို့အတွက် ကုလသမဂ္ဂကို တိုက်တွန်းခဲ့တာတွေ့ရပါတယ်။
မတ်လ ၅ ရက်နေ့မှာတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတစ်ခုလုပ်ခဲ့တာတွေ့ရပါတယ်။ ဒီအစည်းအဝေးမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်က Christine Schraner Burgener ကမြန်မာနိုင်ငံအခြေအနေကို အစီရင်ခံခဲ့ပြီး မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ပြန်ဆုတ်ဖို့အတွက် ညီညွတ်ကြဖို့ အရေးကြီးကြောင်း တောင်းဆိုခဲ့ပါတယ်။ သို့သော်လည်း ဒီ တံခါးပိတ်အစည်း အဝေးကနေပြီးတော့ ထုတ်ပြန်ချက်တစ်စုံတစ်ရာမထုတ်ပြန်သလို အစည်းအဝေးဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်မှုလည်းမတွေ့ရပါဘူး။ အဲဒီနေ့မတိုင်ခင်တစ်ရက် မတ် ၄ ရက်မှာပဲ မြန်မာနိုင်ငံ လူခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံသူ Tom Andrews ကလည်း မြန်မာနိုင်ငံ အခြေအနေ ကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ တင်ဖို့ တိုက်တွန်းခဲ့တာတွေ့ရပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်အလက်အရ နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်တပ်က အာဏာရယူအပြီး မြန်မာနိုင်ငံ အခြေအနေကို စိုးရိမ်နေကြပြီး အာဏာရယူထားတာကို စွန့်လွှတ်ဖို့ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့နဲ့ အရေးယူမှုတွေလုပ်ဖို့ တစိုက်မတ်မတ်တောင်းဆိုနေတာတွေ့ရပါတယ်။ သို့သော်ကုလသမဂ္ဂအပါအဝင်အခြားသောနိုင်ငံတွေက မြန်မာနိုင်ငံကို စစ်ကြေညာတယ်ဆိုတာမျိုး မတွေ့ ရသေးပါဘူး။

Title:မြန်မာနိုင်ငံကို ကုလသမဂ္ဂက စစ်ရေးအရ အရေးယူဖို့ အတည်ပြု ထားသလား-မဟုတ်ပါ
Fact Check By: Nayar MaungResult: Explainer