Fact Check: ထိုင်းမှာ ပီတာ ဝန်ကြီးချုပ်ဖြစ်လာနဲ့ MFP ပါတီဖျက်သိမ်းခံရမှု သတင်းတု

နိုင်ငံတကာ၊ | International

မြန်မာ့နွေဦးတော်လှန်ရေးနဲ့ မြန်မာအကြပ်အတည်းကို လူသိရှင်ကြားပြောကြားလေ့ရှိတာကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက ရွေးကောက်ပွဲအနိုင်ရ MFP ပါတီကအဆိုပြုထားတဲ့ ဝန်ကြီးချုပ်လောင်း ပီတာလင်ဂျာရိုအရက်(Pita Limjaroenrat) နဲ့ ပတ်သက်တဲ့ပို့စ်တွေဟာ မြန်မာနိုင်ငံသားအွန်လိုင်း အသုံးပြုသူတွေကြား ရေပန်းစားပါတယ်။

ဒီလိုအခြေအနေမှာ ထိုင်းလွှတ်တော်မှာ MFP ပါတီက အဆိုပြုထားတဲ့ ပီတာ လင်ဂျာရိုအရက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်းအတည်ပြုဆိုတဲ့ ပို့စ်ဟာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။

အောက်ပါစခရင်ရှော့ကတော့  ပီတာ ထိုင်းဝန်ကြီးချုပ်အဖြစ် ရွေးချယ်ခံရကြောင်း ထိုင်းလွှတ်တော်က ကြေညာ တဲ့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ဖြစ်တယ်။ ဇူလိုင် ၁၃ ရက်က မျှဝေထားရာမှာ ကြည့်ရှု့မှုပေါင်း ၃ သောင်းဝန်းကျင်ရှိပါတယ်။

မူရင်းလင်ခ့် – Youtube link  | Archive link

နောက်ထပ်ပြောဆိုချက်ကတော့ အနိုင်ရ Move Forward Party- MFP ဖျက်သိမ်းခံလိုက်ရပြီး အရေးပေါ် ကြေညာပြီဆိုတဲ့ ပြောဆိုချက်ဖြစ်တယ်။  တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။ ဒီပို့စ်ကိုလည်း ကြည့်ရှူ့မှုပေါင်း ၆ သောင်းရှိပါတယ်။ ဒီပြောဆိုချက် နှစ်ခု စလုံးဟာ သတင်းမှားတွေသာဖြစ်တယ်။

အချက်အလက်စိစစ်ချက်

ရွေးကောက်ပွဲအနိုင်ရ MFP က အဆိုပြုထားတဲ့ MFP ခေါင်းဆောင် ပီတာကို ဝန်ကြီးချုပ်အဖြစ် အတည်ပြုဖို့ ဇူလိုင် ၁၃ ရက်က ထိုင်းလွှတ်တော်မှာ ဆွေးနွေးခဲ့ပြီး မဲခွဲဆုံးဖြတ်ကြတဲ့အကြောင်း ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေက သတင်းဖော်ပြပါတယ်။ ထိုင်းမှာ ဝန်ကြီးချုပ်ဖြစ်ဖို့အတွက် ဘုရင်နဲ့ စစ်တပ်ခန့် အထက် လွှတ်တော်အမတ် ၂၅၀ နဲ့ လူထု‌ရွေးချယ်တဲ့ အောက်လွှတ်တော်အမတ် ၅၀၀ ရဲ့ ထောက်ခံမှု ထက်ဝက်ကျော် ဖြစ်တဲ့ အနည်းဆုံး ၃၇၆ မဲရမှာသာ ဝန်ကြီးချုပ်လာမှာဖြစ်တယ်။ ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော် ထဲက ဝန်ကြီးချုပ်အတွက် မဲပေးရွေးချယ်ပွဲမှာ ရွေးကောက်ပွဲအနိုင်ရ MFP ကအဆိုပြုထားတဲ့ ပီတာဟာ ထောက်ခံမဲ  ၃၂၄ မဲသာရရှိပါတယ်။  ဒီလင့်ခ်၊ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ 

အဲဒါကြောင့်လည်း ပီတာကိုပဲ ဝန်ကြီးချုပ်အဖြစ် ထပ်မံအဆိုပြုထားတဲ့ ဝန်ကြီးချုပ် ရွေးပွဲကို ဇူလိုင် ၁၉ ရက်မှာ ထပ်လုပ်ဖို့လျာထားပါတယ်။

အောက်ပါစခရင်ရှော့ကတော့ ဘီဘီစီမြန်မာပိုင်းကဖော်ပြခဲ့တဲ့ ဇူလိုင် ၁၃ ရက်က ထိုင်းလွှတ်တော်မှာ ဝန်ကြီးချုပ် ရွေးချယ်ပွဲအပြီး မဲရလာဒ်ဖြစ်တယ်။

ဒီလိုပဲ ရွေးကောက်ပွဲအနိုင်ရ MFP ပါတီ ဖျက်သိမ်းခံရတဲ့ သတင်းမျိုး ဒီလို ယုံကြည်ရလောက်တဲ့ သတင်းဌာနတွေကဖော်ပြချက်မရှိပါဘူး။

နောက်တချက်ကတော့ အခုလို ပီတာကို ထိုင်းဝန်ကြီးချုပ် ရွေးချယ်လိုက်ပြီ၊ MFP ပါတီဖျက်သိမ်းခံလိုက် ရပြီဆိုတာ ခေါင်းစဉ်လွဲတပ်ပြီး သတင်းတုဖြန့်ချိလေ့ရှိတဲ့ ယူကျူ့နဲ့ ဖေ့စ်ဘွတ်အကောင့်တွေရဲ့ မျှဝေမှု သာဖြစ်တယ်။ ဒီလိုမျှဝေထားတဲ့ ဗွီဒီယိုပါအကြောင်းအရာတွေဟာလည်း ထိုင်းဝန်ကြီးချုပ် အတည်ပြုမဲခွဲ မယ့်အကြောင်းသာဖြစ်တယ်။

သုံးသပ်ချက်

ပီတာကို ထိုင်းဝန်ကြီးချုပ် ရွေးချယ်လိုက်ပြီ၊ MFP ပါတီဖျက်သိမ်းခံလိုက် ရပြီဆိုတာ ခေါင်းစဉ်လွဲတပ်ပြီး သတင်း တုသတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။ ဇူလိုင် ၁၃ ရက်က ကျင်းပခဲ့တဲ့ ထိုင်းလွှတ်တော်ထဲက ဝန်ကြီးချုပ် အတွက် မဲခွဲခဲ့ရာမှာ ရွေးကောက်ပွဲအနိုင်ရ MFP ကအဆိုပြုထားတဲ့ ပီတာဟာ ထောက်ခံမဲ ၃၂၄ မဲသာရရှိခဲ့ပြီး လွှတ်တော် ၂ ရပ်ရဲ့ အများစုထောက်ခံမဲဖြစ်တဲ့ ၃၇၆ မဲမရခဲ့တဲ့အတွက် ပီတာကို ဝန်ကြီးချုပ်အဖြစ် အတည်ပြု နိုင်ခြင်းမရှိခဲ့ ပါဘူး။ သို့သော်လည်း ပီတာကိုပဲ ဝန်ကြီးချုပ်အဖြစ် MFP ဦးဆောင်တဲ့ အုပ်စုတွေကထပ်မံအဆိုပြုပြီး  ဇူလိုင် ၁၉ ရက်မှာ ထပ်မံ မဲခွဲကြဦးမှာဖြစ်တယ်။

Avatar

Title:Fact Check: ထိုင်းမှာ ပီတာ ဝန်ကြီးချုပ်ဖြစ်လာနဲ့ MFP ပါတီဖျက်သိမ်းခံရမှု သတင်းတု

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *