
ကိုဗစ်နိုင်တင်း Positiveဖြစ်နေပြီး အနံ့ပျောက်တာလောက်ဆိုရင် အိမ်မှာပဲနေပြီး ကုတာက ဆေးရုံသွားကုတာထက် ပိုအဆင်ပြေနိုင်တယ်ဆိုတဲ့ပို့စ်တစ်ခုက လူမှုကွန်ယက်အသုံးပြုသူကြားမှာ ပျံ့နှံ့လျက်ရှိတာတွေ့ရပါတယ်။
ဖေ့စ်ဘွတ်ခ်လူမှုကွန်ယက်စာမျက်နှာမှာ “ဒေါက်တာဒေါ်မိုးမိုးသီရေးတဲ့ အနံ့ပျောက်ကြလို့ ဘာလုပ်ရမလဲမေးရင် ကိုယ့်ဖာသာ Home Qကြမယ်”ဆိုတဲ့ ခေါင်းစဉ်နဲ့ရေသားထားတဲ့ ပို့စ်မှာ “သူငယ်ချင်းတစ်ယောက် အနံ့ပျောက်နေတယ်ဆိုလို့ ရေးဖြစ်ပါတယ်။ အများစုက ဆေးရုံရောက်ရင် တော်တော်နဲ့ပြန်မဆင်းရမှာရယ်၊ အိမ်ကိုဝတ်ဖြူစင်ကြယ်တွေ လာပိတ်မှာရယ်၊ ပတ်ဝန်းကျင်ရဲ့ အကြည့်တွေမခံချင်တာရယ်တွေနဲ့ မသွားကြဘဲ ကုချင်နေကြပါတယ်။ ဆရာဝန်တွေကိုယ်တိုင်က P သမားကို ဆေးရုံမတင်ဖို့ Home Q ထားဖို့ ဝိုင်းပြောနေချိန်၊ ကိုယ်ကလဲ ထောက်ခံတဲ့ဖက်ကဖြစ်ပါတယ်။ အနံ့ပျောက်မယ် ဖျားမယ် Positive သမားနဲ့ Contact နီးနီးစပ်စပ်ရှိခဲ့မယ် (၅ မိနစ်အထက်)ဆိုရင် ကိုယ်ဟာကိုယ် ၁၄ ရက် Q ပါ။”ဆိုပြီး အိမ်မှာနေသင့်တဲ့ပုံစံတချို့ကို ဆက်လက်ရေးသားထားပါတယ်။
အချက်အလက်စိစစ်ချက်
လက်ရှိကိုဗစ်နိုင်တင်းရောဂါရဲ့ နောက်ဆုံးတွေ့ရှိချက်တွေအရ ရောဂါကူးစက်ခံရသူဟာ ကူးစက်ခံရပြီး ၁၁ ရက်ကြာရင် တခြားသူတွေဆီမကူးစက်နိုင်တော့တဲ့အကြောင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အသိပေးထားပေမဲ့ ကိုဗစ်နိုင်တင်းရောဂါ Positiveလူနာတွေကို မိမိအိမ်မှာပဲ မိမိအစီစဉ်နဲ့ကုသဖို့ ညွှန်ကြားထားတာတော့ မရှိသေးပါဘူး။ ရောဂါပြန်ပွားတာကို ထိန်းချုပ်နိုင်အောင်လို့ မလိုအပ်ပဲ အိမ်အပြင်မထွက်ဖို့ တက်နိုင်သလောက် အိမ်မှာပဲနေဖို့ကိုသာ လမ်းညွှန်ထားတာတွေ့ရပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်ကို Factcrescendo Myanmarက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။ ဒေါက်တာစိုးဝင်းပိုင်က “ကိုဗစ် Positiveဖြစ်လို့ အိမ်မှာပဲနေပြီးကုရမယ်ဆိုတာကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ အားမပေးပါဘူး၊ သူ့မှာ အဆုတ်၊ နှလုံးတို့လို နောက်ဆက်တွဲရောဂါဝေဒနာတွေ ဆက်ဖြစ်နိုင်ပါသေးတယ်၊ ဆရာဝန်နဲ့ သေသေချာချာကုရမှာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ကိုဗစ်နိုင်တင်းကူးစက်ခံတားရသူတစ်ဦးဖြစ်သူ Eaim Hmueအမည်နဲ့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူရဲ့ ရောဂါခံ စားရတဲ့ အတွေ့အကြုံကိုပို့စ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါ နှိမ်နှင်းရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြန်လည်မျှဝေပြီး ကိုဗစ်နိုင်တင်းရောဂါးကူးစက်ခံရစဉ် အိမ်မှာပဲ ကုသမယ်ဆိုတာ မဖြစ်သင့်ကြောင်းရေးသားထားတာတွေ့ရပါတယ်။ အောက်ပါလင့်ခ်မှာ ဝင်ရောကြည့်ရှူ့နိုင်ပါတယ်။
သုံးသပ်ချက်
အထက်ပါအချက်လက်တွေအရ ကိုဗစ်နိုင်တင်းကူးစက်ခံရရင် အိမ်မှာပဲ ကုသလို့ အဆင်ပြေတယ်ဆိုတာဟာ လွဲမှားတဲ့ အယူအဆတစ်ခုဖြစ်တာေတွေ့ရပါတယ်။

Title:ကိုဗစ်နိုင်တင်း Positiveဖြစ်ရင် အိမ်မှာပဲ ကုသသင့်ပါသလား
Fact Check By: Lynn YuResult: Misleading