ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း ကို ကျိုချက်သောက်ခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါကို ၇ ရက် အတွင်းပျောက်ကင်းစေတယ်လို့ ဆိုထားတဲ့ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု ပြန်လည် အားကောင်းနေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှား တခုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ခွဲစိပ်ခါနီး လူနာဟာ ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း ကို ဆားအနည်းငယ်ရောပြီး ရေ ၆ ခွက်ထည့် ၂ ခွက်ကျန်အောင် ကျိုချက်သောက်လိုက်ရုံဖြင့် ရောဂါ အရှင်းပျောက်ကင်းသွားတယ်လို့ ဆိုပြီး ဒီဆေးနည်းကို မူလမျှဝေသူ ဒါမှမဟုတ် လက်တွေ့ ပျောက်ကင်းသွား သူဟာ “Ko Sai”လို့လည်း ဆိုထားပါတယ် ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရတယ်။
“နှလုံးသွေးကြောကျဉ်းရောဂါ လုံးဝပြန်မဖြစ်စေနိုင်တော့သော ကိုယ်တွေ့ဆေးနည်းကောင်းတစ်လက် ============================
ကျွန်တော်နှလုံးရောဂါ ပြင်းထန်စွာခံစားရချိန် ကျွန်တော်နေထိုင်ရာ ပုသိမ်မြိ ု့ရှိ ပုသိမ်ဆေးရုံကြီးနှင့် ဇီဝကအထူးကုဆေးခန်းတို့တွင် တက်ရောက်ကုသခဲ့ရာ ဆေးစစ်ချက်အရ နှလုံးသွေးကြောသုံးချောင်းကျဉ်းနေပြီး တစ်ချောင််းမှာ ကောင်းစွာ အလုပ်မလုပ်တော့သောကြောင့် နှလုံးစက်ထည့်ရမည့် အခြေအနေဖြစ်ခဲ့ပါသည်။ ထိုအချိန်တွင် မိတ်ဆွေတစ်ယောက်မှ ကျွန်တော့်လို ခွဲစိပ်ခါနီးလူနာတစ်ဦး မခွဲစိပ်ရပဲ သက္သာ ပျောက်ကင်းသွားသည်ဆိုသော ဆေးနည်းကိုပေးသဖြင့် ရန်ကုန်၌ ဆေးကုသခံရန် ပြင်ဆင်နေချိန်တွင် ခုနှစ်ရက်မျှ ဆက်တိုက်သောက်ခဲ့ပါသည်။ ထို့နောက် ရန်ကုန်အာရှတော်ဝင်အထူးကုဆေးခန်းတွင် သွားရောက်စမ်းသပ်ရာ နှလုံးသွေးကြောပိတ်ဆို့မှုများ မရှိတော့ပဲ အကောင်းပကတိဖြစ်နေကြောင်း အံ့သြဖွယ် တွေ့ရှိရပါသည်။ ဆရာမကြီးမှာ ပုသိမ်မှဆေးစစ်ချက်များကိုကြည့််၍ မယုံနိုင်ဖြစ်ကာ သေချာစေရန် မဟာမြိုင်အထူးကုဆေးခန်း၌ 24 နာရီစက်ဖြင့် ထပ်မံစမ်းသပ်ရာ နှလုံးသွေးကြောများ ပုံမှန်ကောင်းမွန်နေကြောင်း သေချာသွားတော့သည်။ ကျွန်တော်ခံစားနေရသော ရင်ဘတ်အောင့်ခြင်းနှင့် ဘယ်ဘက်လက်မောင်းကို််က်ခြင်း ဝေဒနာများလည်း ပျောက်ကင်းသွားပါသည်။ ထို့ကြောင့် ကျွန်တော့်လို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရသူများအတွက် စေတနာရှေ့ထား၍ ကျွန်တော့်ကိုယ်တွေ့ဆေးနည်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆေးနည်းမှာ – ၁- ကြွက်နားရွက်မှို နှစ်ကျပ်ခွဲသား ၂- တရုတ််ဇီးသီး ငါးလုံး ၃- ချင်း(ဂျင်း)တက် လက်တစ်ဆစ်ခန့် နှင့် ၄- ဆားအနညျးငယျတျို့ကို ရေဖန်ခွက်် ၆ ခွက်ထည့် ၂ ခွက်ကျန်အောင်ကျိုပြီး မနက်တစ်ခွက် ညတစ်ခွက် သောက်ရုံပင်ဖြစ်ပါသည်။ ဆေးနည်းပေးသူ မိတ်ဆွေအား ကျေးဇူးအထူးတင်ပါသည်။ Credit Ko Sai”

အချက်အလက်စိစစ်ချက်
ဒီလို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ နှလုံးသွေးကြောကျဉ်ရောဂါပျောက်တဲ့ ချင်း (Ginger)၊ တရုတ်ဇီးသီး (Chinese Date/Jujube) နဲ့ မှိုနားရွက်မှို(Wood Ear Mushroom) သုံးမျိုးစပ်ဆေးနည်းဆိုတဲ့ ပို့စ်ကို ၂၀၁၆ မေလကတည်း ဖြန့်ဝေထားတာတွေ့ရပြီး ပုံစံတူပို့စ်ဟာ ထပ်ခါတလဲ ပျံ့နှံ့မှုအားကောင်းခဲ့တာတွေ့ရတယ်။
ပထမဆုံး နားလည်ထားသင့်တာက နှလုံးသွေးကြောကျဉ်း ရောဂါ (Coronary Artery Disease-CAD) ဟာ သွေးကြောနံရံတွေထဲမှာ အဆီတွေ၊ ထုံးဓာတ်တွေ နှစ်ရှည်လများ စုပုံလာပြီး သွေးကြော မာကျောကျဉ်းမြောင်း သွားတဲ့ ရောဂါဖြစ်တယ်။
နှလုံးသွေးကြောကျဉ်းရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ဖို့အတွက် ချင်း၊တရုတ်ဇီးသီးနဲ့ မှိုနားရွက်မှို သုံးမျိုးပေါင်းစပ်ထားတဲ့ ဆေးနည်းကို လူတွေနဲ့ တရားဝင် လက်တွေ့စမ်းသပ်ထားတဲ့ သုတေသနမရှိသေးပါဘူး။
ဒီဆေးနည်းဟာ ထိုင်းနဲ့ တရုတ် ရိုးရာဆေးပညာမှာ “သွေးကြောသန့်စင်စေတယ်”၊ “သွေးခဲတာကို ကာကွယ်ပေးတယ်” ဆိုပြီး ရှေးရိုးစဉ်လာအရ သောက်သုံးခဲ့ကြပေမယ့်၊ သိပ္ပံနည်းကျ သုတေသနပြုချက် တွေအရတော့ တိရစ္ဆာန်တွေ (ကြွက်တွေ) နဲ့ စမ်းသပ်တဲ့အဆင့် (Pre-clinical stage) မှာပဲ ရှိပါသေးတယ်။ သိပ္ပံနည်းကျလေ့လာမှုတခုအနေနဲ့ ထိုင်းတက္ကသိုလ်တခုဖြစ်တဲ့ Khon Kaen တက္ကသိုလ်မှာ လေဖြတ်ခြင်း၊ ဇီဝဖြစ်စဉ်ဆိုင်ရာ ရောဂါလက္ခဏာစုနဲ့ မှတ်ဉာဏ်ချို့ယွင်းမှုကို ကုစားနိုင်မယ့်နည်းလမ်းအဖြစ် အခုလို ဂျင်း၊ တရုတ်ဇီးသီးနဲ့ ကြွက်နားရွက်မှိုတို့ကို အသုံးပြုပြီး ကြွက်တွေနဲ့ လေ့လာမှုခဲ့ရာမှာ တိုးတက်မှုရှိခဲ့တယ်လို့ ဆိုထားတယ်။ ဒါဟာ တိရစ္ဆာန်နဲ့ စမ်းသပ်ထားတဲ့ အဆင့်သာရှိပြီး နောက်ထပ် စမ်းသပ်မှုတွေ ပြုလုပ်ဖို့ လိုပါသေးတယ်။ (ဒီနေရာမှာကြည့်ပါ)
ဒီအပြင် လေ့လာမှုဟာ သွေးကြောပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ လေ့လာမှုဆိုပေမဲ့ နှလုံးနဲ့ ဆိုင်တဲ့ သွေးကြော တွေအပေါ် အထူးသဖြင့် နှလုံးသွေးကြောကျဉ်ရောဂါကို အထူးပြုလေ့လာမှုတော့ မဟုတ်ပါဘူး။
ပြင်းထန်တဲ့ နှလုံးသွေးကြောကျဉ်ရောဂါကို ခွဲစိတ်ကုသရခြင်းမရှိဘဲ ရက်တိုတိုနဲ့ သက်သာပျောက်ကင်းမှုရယ် လို့လည်း သုတေသန ပြုလုပ်ထားတဲ့ မှတ်တမ်းအထောက်အထားမတွေ့ရှိပါဘူး။
ဒီရောဂါဟာ ဖြစ်ပေါ်နေတဲ့ရောဂါလက္ခဏာအဆင့်အလိုက် ကျွမ်းကျင်ဆရာဝန်တယောက်ယောက်နဲ့ ကြီးကြပ်ကုသခံယူဖို့လိုအပ်ပါတယ်။ နှလုံးသွေးကြော ၃ ချောင်းလုံး ကျဉ်းနေပြီး နှလုံးစက် (Pacemaker) ထည့်ရမယ့်အဆင့်၊ ခွဲစိတ်ရမယ့်အဆင့်အထိ ပြင်းထန်နေတဲ့ လူနာတစ်ယောက်ဟာ အချိန်မီ ထိရောက်တဲ့ ကုသမှု (ဥပမာ – သွေးကြောချဲ့ခြင်း၊ Stent ငုတ်စိုက်ခြင်း သို့မဟုတ် သွေးကြောအစားထိုးခွဲစိတ်ခြင်း(Bypass)) ကို မလုပ်ဘဲ ဒီလိုဆေးမီးတိုနည်းတွေကိုပဲ အားကိုးကုသနေရင် အသက်အန္တရာယ်အထိ စိုးရိမ်ရတဲ့ နှလုံးလုပ်ငန်းစဉ် ရုတ်တရက်ရပ်တန့်ခြင်း(Heart Attack) ဖြစ်ပြီး အသက်အန္တရာယ်ဆုံးရှုံးရနိုင်ပါတယ်။
အခုလို လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဆေးနည်းမှာ ပါဝင်တဲ့ ကြွက်နားရွက်မှို၊ တရုတ်ဇီးဖြူသီး၊ ဂျင်း စတာတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရဓာတ်တွေနဲ့ သွေးကြဲစေတဲ့ ဓာတ်တွေပါဝင်တာမှန်ပေမဲ့ ၎င်းတို့ဟာ သွေးကြောထဲမှာ နှစ်ရှည်လများက နေထိုင်စားသောက်မှုပုံစံကြောင့် ပိတ်ဆို့နေတဲ့ အဆီခဲတွေကို အရည်ပျော်ပြီး အမြစ်ပြတ် ပျောက်ကင်းအောင် လုပ်နိင်ဖို့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ သွေးကျဲစေတဲ့ အာနိသင် အတန်အသင့်ပါ တာကြောင့်လည်း ဒီအစားအသောက်တွေဟာ နှလုံးရောဂါအတွက် ဆရာဝန်ပေးထားတဲ့ သွေးကျဲဆေးတွေနဲ့ တွဲသောက်မိရင် သွေးယိုစီးမှု(Bleeding)လိုမျိုး ဘေးထွက်ဆိုးကျိုးတွေတောင် ကြုံရနိုင်တာလည်းတွေ့ရပါတယ်။
သုံးသပ်ချက်
ဒီဆေးနည်းဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့မှုအားကောင်းနေပေမဲ့ ဆရာဝန်တွေ၊ ဆေးဘက်ဆိုင်ရာ တတ်ကျွမ်းနားလည်တဲ့ ဆေးပညာဆောင်းပါးတွေဖော်ပြတဲ့နေရာတွေက စတင်ပျံ့နှံ့လာတာမဟုတ်တာလည်း တွေ့ရပါတယ်။
အွန်လိုင်းပေါ်က ကိုယ်တွေ့ပျောက်ကင်းသွားတယ်ဆိုတဲ့ ပို့စ်အများစုဟာ လုပ်ကြံဖန်တီးထားတဲ့ ပုံပြင်တွေသာ ဖြစ်နေတတ်ပါတယ်။ အပြင်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တယ်ရင်တောင်မှ ရောဂါအဖြေရှာရာမှာ ကနဦးကတည်းက လွဲမှားမှု ရှိခဲ့တာ(ဥပမာ-လေအောင့်၊လေနာ)ကြောင့် နောက်ပိုင်း အလိုလို သက်သာ သွားခြင်းမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီအပြင် လူတဦးချင်းစီရဲ့ ခန္ဓာကိုယ် တုံ့ပြန်မှု ကွာခြားချက်ရှိ တာကြောင့် ဒီလို နှလုံးသွေးကြေားကျဉ်းရောဂါကို ကြွက်နားရွက်မှို၊ တရုတ်ဇီးသီးနဲ့ ဂျင်း ပြုတ်သောက်ပြီး တစုံတယောက် အတွက် ပျောက်ကင်းသွားခဲ့တယ်ဆိုသည့်တိုင် တခြားတယောက်အတွက် ဒီလိုထိရောက်မှုရှိမယ်လို့ အာမခံချက်မရှိပါဘူး။

