ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်းအစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယို တခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။
အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။
“အမေစုကို လွှတ်ပေးဖို့ သဘောတူလိုက်ပြီ
နိုင်ငံတကာ ထောက်ခံမှုရချင်လို့ မင်းအောင်လှိုင် လေသံပြောင်းပြီ ၊
ပြည်သူတွေအတွက် သတင်းကောင်းဟေ့”

နောက်ထပ် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီလို့လည်း ဒီချန်နယ်က မျှဝေခဲ့ပါသေးတယ်။ ဒီနေရာမှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်က သတင်းတုဖြန့်ဝေမှုတွေကို Fact Crescendo Myanmar မှာ မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ လုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့ သတင်းမီဒီယာ တွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။
အခုလည်း ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်းအစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားပေမဲ့ ဒီအကြောင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ပြချက်မရှိသလို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။
တကယ်တမ်း ဗွီဒီယိုထဲမှာပါတဲ့အကြောင်းအရာဟာ “ရခိုင်မှ AA ကအာရက္ခထီ စတင်ဖွင့်လှစ်မယ်”၊ “တာမွေမှာ ပေါ်တာဆွဲဖို့ ကြိုးပမ်းတဲ့ ရဲတပ်သားတစ်ဦး အရိုက်ခံရမှု”၊ “ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနဲ့ ပတ်သက်ပြီး မစ္စတာ ရှောင်တာနယ်ရဲ့ စိုးရိမ်မှု”စတဲ့အကြောင်းအရာတွေပဲဖြစ်တယ်။
အာဏာသိမ်းအပြီးကတည်းက ၅ နှစ်ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့ထားတဲ့ သတင်းထုတ်ပြန်တဲ့ သတင်းဓာတ်ပုံနဲ့ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တရားစွဲဆိုလိုက်တယ်ဆိုတဲ့ ထုတ်ပြန်ချက်မှာ သတင်းဓာတ်ပုံကလွဲလို့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ပြောဆိုခဲ့တာမရှိပါဘူး။ ၂၀၂၂ ခုနှစ်ကုန်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကို ဆွဲဆိုထားတဲ့ ပြစ်မှုတွေကို အပြီးသတ်အမိန့်ချပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်မှာ နေထိုင်နေရတယ်၊ ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာ သူ့ရှေ့နေအဖွဲ့က သိရှိခြင်းမရှိတော့တာတွေ့ရတယ်။
၂၀၂၆ ခုနှစ် မေ ၂၅ ရက်မှာ သားဖြစ်သူ ကိုထိန်လင်းက ၄င်းရဲ့ တောင်းဆိုချက်ဖြစ်တဲ့ မြန်မာစစ်အာဏာပိုင် တွေကို အသက်ရှိသေးကြောင်း သက်သေပြဖို့တောင်းဆိုချက်ကို ဖေ့စ်ဘွတ်စာမျက်နှာကတဆင့် ဆက်လက် တောင်းဆိုထားတာတွေ့ရတယ်။

သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အထောက်အထားမရှိသလို စစ်တပ်အသွင်ပြောင်း အစိုးရကလည်း ပြန်လည်လွှတ်ပေးဖို့ သဘောတူထားတယ်ဆိုပြီး လူအများကို ထုတ်ပြန်ပြောဆိုထားတာ ဒါမှမဟုတ် ထုတ်ဖော်ပြောဆိုထားတဲ့ အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ချက်မရှိသေးပါဘူး။

