မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ရုရှားသမ္မတဗလာဒီမီယာ ပူတင်က အာဆီယံကို ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တခု လူမှုကွန်ယက်မှာ ဖြန့်ဝေထားမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ သတင်းတုဖြန့်ချိနေခြင်းဖြစ်တယ်။
ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ မျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“ပူတင်အာဆီယံကို မြန်မာနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန်သတိပေး… သတင်းစာဖြတ်ပိုင်း (Opinion ကဏ္ဍ) ထဲမှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ပြောသွားတာကတော့ တကယ့်ကို ပြတ်သားပြီး သတိပေးချက်အပြည့်ပါပဲ။”

အချက်အလက်စိစစ်ချက်
Google မှာ ပြောဆိုချက်ဓာတ်ပုံပါ သတင်းခေါင်းစဉ်ကို အဓိကကျတဲ့ စကားလုံးတချို့ အသုံးပြုရှာဖွေရာမှာ တစုံတရာ ရလာဒ်မတွေ့ရပါဘူး။ ဒီအတွေးအမြင်ဆောင်းပါးကို ဖော်ပြခဲ့တယ်ဆိုတဲ့ အမေရိကန် ဝါရှင်တန်မြို့ အခြေစိုက် Washington Daily News အမည်နဲ့ သတင်းစာမှာ ရှာကြည့်ရာမှာလည်း ဒီဆောင်းပါး ဖော်ပြချက်မရှိပါဘူး။ ဒီသတင်းဌာနဟာ ကာရိုလိုင်းနားပြည်နယ်အခြေပြုတဲ့ သတင်းတွေကိုပဲ အဓိက ဦးတည်ဖော်ပြတဲ့ ဒေသအခြေပြုသတင်းဌာနတခုဖြစ်ပြီး နိုင်ငံတကာရေးရာတွေ ဖော်ပြတဲ့ သတင်းစာ တခုမဟုတ်တာတွေ့ရတယ်။
အတိုချုပ်ပြောရရင် ဒီလို ရုရှားသမ္မတဗလာဒီမီယာ ပူတင်က အာဆီယံကို မြန်မာနဲ့ ပတ်သက်ပြီး သတိပေးချက်ဆိုပြီး ဖြန့်ဝေထားတဲ့ သတင်းစာပုံစံအစိတ်အပိုင်ဟာ မမှန်ကန်ပါဘူး။ သတင်းစာညှပ်ထားတဲ့ ပုံစံနဲ့ ဖော်ပြထားတဲ့သတင်းဟာ အချက်အလက်အမှားတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ သတင်းတုသာ ဖြစ်ပါတယ်။ ပူတင်ဟာ အာဆီယံကို အခုလိုမျိုး ပြင်းပြင်းထန်ထန် သတိပေးခဲ့ခြင်း မရှိသလို၊ မြန်မာ့နိုင်ငံရေးနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက် (Five-Point Consensus)အပေါ်မှာလည်း ဒီလိုမျိုး ထုတ်ဖော်ပြောဆိုခဲ့ခြင်း လုံးဝမရှိတာလည်း တွေ့ရပါတယ်။
ဒီလို မျှဝေထားတဲ့ သတင်းစာ ဖြတ်ပိုင်းပုံ ဟာ ဘာကြောင့် သတင်းအတု ဖြစ်နေရသလဲဆိုတာ သိသာစေတဲ့ နောက်တချက်ကတော့ ရက်စွဲ မှားယွင်းနေခြင်းပါပဲ။ ဓာတ်ပုံရဲ့ ဘယ်ဘက်အပေါ်ထောင့်မှာ “Wednesday, May 12, 2026″ဆိုတဲ့ အချက်ပါပဲ။ တကယ်တမ်း ပြက္ခဒိန်မှာ ပြန်တိုက်ကြည့်ရင် ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်ဟာ ဗုဒ္ဓဟူးနေ့ မဟုတ်ဘဲ အင်္ဂါနေ့ ဖြစ်နေပါတယ်။ သတင်းတု ပြုလုပ်သူတွေဟာ ဒီလို အခြေခံကျတဲ့ ရက်စွဲမျိုးမှာ မှားလေ့ရှိပြီး မူလထုတ်ဝေတဲ့ သတင်းစာတွေမှာ မှားယွင်းလေ့မရှိပါဘူး။

တဖက်မှာတော့ Newyork Daily News ကဖော်ပြခဲ့တဲ့ အမှန်တကယ်ဆောင်းပါးဖြစ်တဲ့ “ကျွန်ုပ်တို့ရဲ့ တရုတ်ပြဿနာ အစီအစဉ်ထဲမှာ မပါဝင်”(မူလအင်္ဂလိပ်ဘာသာနဲ့ဖော်ပြထားတဲ့ Our China problem isn’t on the agenda)ဆိုတဲ့ ဆောင်းပါးကို ဖြတ်၊ညှပ်၊ကပ်၊စပ်၊လုပ်ထားတာတွေ့ရတယ်။ အဓိကအားဖြင့် ဒီဂျစ်တယ်နည်းလမ်းနဲ့ ဓာတ်ပုံတည်းဖြတ်ခြင်းနည်းလမ်းထက် ဉာဏ်ရည်တုနည်းပညာ ပလက်ဖောင်းတခုကို အသုံးပြုပြီး ဒီသတင်းစာ အပိုင်းအစပုံစံကို ပြုလုပ်ခဲ့ဟန်ရှိတာလည်း တွေ့ရတယ်။
သုံးသပ်ချက်
မြန်မာနိုင်ငံက အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတဟာ အာဆီယံအစည်းဝေးတွေမှာ တက်ရောက်ခွင့်မရခဲ့တဲ့ အပြင် ဖိလစ်ပိုင်က မြန်မာရေးနဲ့ပတ်သက်ပြီး ဝေဖန်ခဲ့ပြီးနောက်မှာ တန်ပြန် ဝါဒဖြန့်ချိမှုတခုအနေနဲ့ ပြန်လည် ဆောင်ရွက်လာတဲ့ သဘောဖြစ်တာတွေ့ရတယ်။ ရုရှားသမ္မတ ပူတင်က အာဆီယံကို မြန်မာအရေးကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် သတိပေးလိုက်တယ်ဆိုတဲ့ သတင်းစာဖြတ်ပိုင်းပုံဟာ ဉာဏ်ရည်တုနည်းပညာ အသုံးပြု ဖန်တီးပြုလုပ်မှု တခုဖြစ်ဖွယ်ရှိချိန်မှာ ပူတင်က ဒီလို အာဆီယံကို မြန်မာအရေးနဲ့ ပတ်သက်ပြီး သတိပေးတယ်ဆိုတဲ့ သတင်းလည်း မတွေ့ရပါဘူး။

