
အိမ်တစ်အိမ်မှာ နွားနှစ်ကောင်ထက်ပြီး မွေးမြူထားရင် နိုင်ငံပိုင်အဖြစ် သိမ်းမယ်လို့ စစ်တပ်ပိုင် MWD (မြဝတီသတင်းဌာန)ကကြေညာခဲ့တယ်ဆိုပြီးတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေက ဖြန့်ဝေလျှက်ရှိပါတယ်။
သို့သော် ဒီသတင်းဟာ မှားယွင်းပါတယ်။ စစ်တပ်ပိုင်မြဝတီသတင်းဖော်ပြချက်တွေမှာ ဒီလိုကြေညာချက်မျိုး မတွေ့ရသလို ဓာတ်ပုံတွေဟာလည်း ပြန်လည်ပြုပြင်ထားတာတွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်တွေမှာ“အိမ်တစ်အိမ်တွင် နွားနှစ်ကောင်ထပ် ပို၍မွေးမြူထားပါက နိုင်ငံပိုင်အဖြစ် သိမ်းမည်ဟု စစ်ကောင်စီပိုင် MWD မှ ကြေငြာ”လို့ ခေါင်းစဉ်တပ်ရေးသားထားပြီး “အိမ်တစ်အိမ်နွားနှစ်ကောင်ထက်ပိုမမွေးရ ဥပဒေသစ်အရ စံပြစစ်ဆင်ရေးအဖြစ် မန္တလေးတိုင်းဒေသကြီး နွားထိုးကြီးမြို့နယ် ပြင်စည်ကျေးရွာအုပ်စု သို့ ဝင်ရောက်စစ်ဆေးရာ ရွာသူဌေး ကျော်မျိုးရွှေ (ခ) ဖိုးရွှေ အား နွားအကောင် (၃၀) ကျော်မွေးမြူထားမှူကြောင့် ပုဒ်မ ၅၉ဃ၊ ၉၆၉(ခ) တို့ဖြင့်တပ်ဆင်”တရားစွဲဆိုထားပြီး ထိုကျေးရွာရှိအိမ်များမှလည်း နွားနှစ်ကောင်ထက်ပိုမွေး ထားသောနွားများအား ပျူစောထီးအဖွဲ့များမှသိမ်းယူခဲ့ကြောင်းသိရှိရပါသည်။”စသည့်ဖြင့်လည်းပါဝင်ပါတယ်။ ဒီသတင်းကို “Mus Lovers Together Channel”အမည်နဲ့ စာမျက်နှာကမျှဝေထားတာကို အောက်ပါ အတိုင်း တွေ့ရပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
မြဝတီသတင်းဌာန(MWD)ဟာ စစ်တပ်ပိုင် သတင်းဌာနဖြစ်ပြီး စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းနဲ့ ကြေညာချက်တွေကို အဓိက ထုတ်ပြန်တဲ့ ရုပ်သံလိုင်းဖြစ်ပါတယ်။ သို့သော်လည်း ဒီသတင်းဌာနက ဒီလိုထုတ်ပြန်ချက်ကို မတွေ့ရပါဘူး။ အခြားလွတ်လပ်သော သတင်းဌာနတွေမှာလည်း MWD ကဒီလို ကြေညာတယ်လို့ ပြန်လည်ကိုးကား ရေးသားတာမျိုးမတွေ့ရပါဘူး။
Google မှာ ဓာတ်ပုံကို ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ၁ ရက်ကတည်းက အင်တာနက်မှာ ပျံ့နှံ့ခဲ့တာကိုအောက်ပါအတိုင်းတွေ့ရပါတယ်။
ရုပ်သံကြေညာသူဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်က အရေးပေါ်အခြေအနေ ကြေညာနေတဲ့သတင်းကို ဖတ်ကြားနေပုံဖြစ်ပါတယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့နိုင်ပါတယ်။
မူရင်းလင်ခ့် – Nytimes.com | Archive link
MWD က သတင်းကြေညာသူရဲ့ပုံနှစ်ခုကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။
နောက်ခံဓာတ်ပုံတစ်ပုံဖြစ်တဲ့ နွားပွဲတစ်ခုဓာတ်ပုံကို “ပြည်ပကို နွားတင်ပို့မှုကြောင့် နွားရှားပါးလာ၊ စျေးနှုန်း မြင့်တက်”လို့ ခေါင်းစဉ်တပ်ရေးသားထားတဲ့ ဒီဗွီဘီသတင်းဌာနရဲ့ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာ ၁၀ ရက်က သတင်းတစ်ပုဒ်မှာ တွေ့ရပါတယ်။
မူရင်းလင်ခ့် – DVB | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်က နွားနှစ်ကောင်ထက်ပိုမွေးရင်နိုင်ငံပိုင်သိမ်းမယ်လို့ MWD က ကြေညာတယ်ဆိုပြီး မျှဝေနေတဲ့ဓာတ်ပုံဟာ ပြန်လည်ပြုပြင်ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။

Title:နွားနှစ်ကောင်ပိုပြီး မွေးထားရင် နိုင်ငံပိုင်သိမ်းမယ်လို့ MWD ကြေညာဆိုတဲ့ သတင်းတု
Fact Check By: Nayar MaungResult: False