Fact Check: အိန္ဒိယမှာ မြန်မာစစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရတဲ့ သတင်းတု

False နိုင်ငံရေး | Politics

အိန္ဒိယခရီးစဉ်မှာ သမ္မတတဖြစ်လဲ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အဖမ်းခံရတယ်လို့ ဆိုထားတဲ့  ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတာတွေ့ရတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ အလားတူတဲ့ မျှဝေမှုကို  ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။

“အိန္ဒိယလေဆိပ်မှာ ဖမ်းဆီးကြောင်းသတင်းထွက် 

ဖအိန္ဒိယကအပြန် ICC ရဲ့ လျိုးဝှက်ညွှန်ကြားချက်ကြောင့်

အင်တာပိုမှ ဖမ်းဆီးလိုက်ပြီ”(မူရင်းအရေးအသား)

Original link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုအစမှာ ပြသတဲ့ ရုပ်ကတ်ထဲမှာ အိန္ဒိယမှာ စစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရမှုအဖြစ်‌ဖော်ပြထားသလို ဗွီဒီယိုထဲ အသံဖိုင်နဲ့ ဖတ်ကြားမှုမှာလည်း “အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည်ဟု သတင်းထွက်ပေါ်နေသည့် စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်ကို ဖမ်းဆီးထိန်းသိမ်းပေးရန် ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က နိုင်ငံတကာရဲတပ်ဖွဲ့ (Interpol) နဲ့ သက်ဆိုင်ရာနိုင်ငံတွေကို အရေးပေါ်ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း သတင်းများထွက်ပေါ်နေပြီး စိတ်ဝင်စားမှု မြင့်တက်နေပါတယ်၊”စသည်ဖြင့် ‌ဖော်ပြထားတယ်။

ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ  အဓိကကျတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာအခြေစိုက် မီဒီယာတွေမှာဖြစ်စေ မြန်မာစစ်ခေါင်းဆောင်ဟောင်း အိန္ဒိယမှာ ဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့ ဒီပြောဆိုချက် အထောက်အထား ဖော်ပြချက် မတွေ့ရပါဘူး။ ဒီလိုပဲ နိုင်ငံတကာရဲတပ်ဖွဲ့က သက်ဆိုင်ရာနိုင်ငံတွေကို ICC ရဲ့ ဖမ်းဝရမ်း ညွှန်ကြားချက် ထုတ်ပြန်လိုက်တဲ့အကြောင်း မတွေ့ရပါဘူး။ ဒါပေမဲ့ မြန်မာစစ်ခေါင်းဆောင်ဟောင်းကို ICC အနေနဲ့ လျှို့ဝှက်ဖမ်းဝရမ်းထုတ်နိုင်တယ်လို့ ICC ပြောရေးဆိုခွင့်ရှိသူက DVB သတင်းဌာနကို မကြာသေးခင်က ပြောကြားခဲ့တာတွေ့ရ ပါတယ်။ ဒီလိုပဲ အာဂျင်တီးနားတရားရုံးတခုက စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ခဲ့တာ တွေ့ရပါတယ်။ 

ဒါပေမဲ့ စစ်ခေါင်းဆောင်ဟောင်းကို တရားဝင်အလည်အပတ်ခရီးဖိတ်ကြားခဲ့တဲ့ အိန္ဒိယဟာ ICC အဖွဲ့ဝင်နိုင်ငံတခု မဟုတ်သလို အာဂျင်တီးနားနဲ့လည်း တနိုင်ငံရဲ့ ဥပဒေကျူးလွန်သူတွေကို တနိုင်ငံက ဖမ်းဆီးပြီး လွှဲပြောင်းရေး စာချုပ်ချုပ်ဆိုထားတာမျိုးမရှိပါဘူး။ 

ဒီလိုပြောဆိုပြီး ဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ရှောနှောဖော်ပြတာ၊ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဖြန့်ချိတာတွေပြုလုပ်နေတဲ့ နေရာဖြစ်တာ တွေ့ရတယ်။  ဒီယူကျူ့ချန်နယ်နဲ့ ပတ်သက်တဲ့ Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။ 

၁၀ မိနစ်ကျော်ရှည်လျားတဲ့  ဒီဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတွေ့ကတော့ “ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများပြား”၊ “မင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်နှင့် ဒေါ်အောင်ဆန်းစုကြည်အရေး ဆွေးနွေးမှု”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။ 

သုံးသပ်ချက်

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့အမည်ကို တုပထားပြီး လုပ်ကြံသတင်းတွေ ဖြန့်ချိတယ်။မြန်မာစစ်ခေါင်းဟောင်း အိန္ဒိယခရီးစဉ် အတွင်းမှာ အဖမ်းခံလိုက်ရတယ်ဆိုတာ လူစိတ်ဝင်စားမှုမြင့်နိုင်တဲ့ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းတု ဖြန့်ချိထားခြင်းဖြစ်တာတွေ့ရတယ်။

Result Stamp

Title: Fact Check: အိန္ဒိယမှာ မြန်မာစစ်ခေါင်းဆောင်ဟောင်း အဖမ်းခံရတဲ့ သတင်းတု

Written By: Zun Zee

Result: False