
ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေတယ်လို့ဆိုပြီး စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုဖြစ်တဲ့ “မှိုင်းဝေ”အမည်နဲ့ တယ်လီဂရမ်အသုံးပြုသူက ဆက်တိုက်ဖြန့်ချိနေတာတွေ့ရပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။
မတ် ၂၈ ရက်မှာ မြန်မာနိုင်ငံလှုပ်ခတ်ခဲ့တဲ့ ငလျင်တွေထဲမှာ အပြင်းအထန်ဆုံးတခုဖြစ်တဲ့ ရစ်ချ်တာစကေး ၇.၇ ရှိတဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်အပါအဝင် မြို့အတော်များများ ထိခိုက်ပျက်စီးခဲ့ပြီး လူထောင်ပေါင်းများစွာ သေဆုံးမှုရှိခဲ့မယ်လို့ ခန့်မှန်းရပြီး အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက PDF တွေအနေနဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို ၂ ပတ်ကြာ ရပ်တန့်ထားမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလို ဖြန့်ဝေမှုတွေထွက်ပေါ်လာတာဖြစ်တယ်။
တယ်လီဂရမ်ပို့စ်ပါစာသား ကောက်နုတ်ချက်နဲ့ ပို့စ်စခရင်ရှော့ကို အောက်မှာကြည့်ပါ။
“မုံရွာမှ စစ်ကိုင်းသို့ ကယ်ဆယ်ရေးသွားတဲ့ ယာဥ်တန်း မြင်းမူနားမှာ အကြမ်းဖက် pdfများမှ ချောင်းမြောင်းတိုက်ခိုက်
မှိုင်းဝေ”
မူရင်းလင်ခ့် – Original link | Archive link
ဒီလိုပဲ နေပြည်တော် အမြန်လမ်းမှာ ငလျင်အကူအညီပေးယာဉ်တွေ အန္တရာယ်မဖြစ်အောင် ကူညီပေးနေတဲ့ ရဲတပ်ကြပ်ကြီးကို PDF က ချောင်းမြောင်းပစ်သတ်တယ်ဆိုပြီး ရေးသားဖြန့်ဝေမှုကို ဒီလင့်ခ်မှာ ကြည့်ပါ။
အချက်အလက်စိစစ်ချက်
တကယ်တမ်းမှာ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်ရာမှာ ဒီတူညီတဲ့ဓာတ်ပုံကို စစ်ကိုင်းငလျင်ဘေး မတိုင်ခင် တလ ကျော်အကြာ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီအတွင်းမှာ ရန်ကုန်ခေတ်သစ် သတင်းဌာနက ဖော်ပြခဲ့တဲ့ သတင်းတပုဒ်မှာ တွေ့ရပါတယ်။ ဓာတ်ပုံဟာ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ ခရီးသွားကားတွေကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်လို့ ကား ၃ စီး ထိမှန်ပျက်စီးခဲ့တယ်ဆိုတဲ့ သတင်းမှာ ဒီဓာတ်ပုံတွေကို အသုံးပြုထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။
ဒီအပြင် သေနတ်ပစ်ခတ်နေဟန်ရိုက်ကူးထားတဲ့ ဓာတ်ပုံဟာ မတ် ၁၁ ရက်က နွားထိုးကြီးမှာ စစ်ကောင်စီစစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရပြီး ၄၇ ဦးသေဆုံးတဲ့ သတင်းဖော်ပြချက်က ဓာတ်ပုံကို အသုံးပြုထားတယ်။
တခြားသော ဓာတ်ပုံ ၁ ပုံကတော့ အတည်ပြုနိုင်ခြင်းမရှိပေမဲ့ သီးခြားအဖြစ်အပျက် တခုကရယူထားတာလို့ ကောက်ချက်ချနိုင်ပါတယ်။
ဒီလိုပဲ အမြန်လမ်းမှာ ငလျင်ဘေးအကူအညီပေးနေတဲ့ ရဲတပ်ကြပ်တဦး ပစ်သတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်ကို စိစစ်ကြည့်ရာမှာ ဒီဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်စဉ်မဟုတ်တာတွေ့ရပါတယ်။ ဒီတိုက်ခိုက်မှုကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။
သုံးသပ်ချက်
စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားတခုကနေပြီးတော့ PDF တွေဟာ အကူအညီပေးတဲ့ အဖွဲ့တွေကို ပစ်မှတ်ထား တိုက်ခိုက်နေသယောင် လုပ်ကြံရေးသားပြောဆိုချက်များဖြစ်ပြီး အပြင်မှာ လက်တွေ့ ဖြစ်ပွားခဲ့ခြင်းမရှိသလို ဓာတ်ပုံတွေဟာလည်း ပုံဟောင်းတွေ လိုအပ်သလို အသုံးပြု ဖြန့်ဝေထားခြင်းဖြစ်တာတွေ့ရပါတယ်။
ပြောဆိုချက်- ငလျင်ဘေးအကူအညီပေးနေတဲ့ သူတွေကို ပစ်မှတ်ထားပြီး PDF တွေက တိုက်ခိုက်နေ

Title:Fact Check: ငလျင်ဘေးအကူအညီပေးတဲ့ ယာဉ်တွေကို PDF တွေက တိုက်ခိုက်တယ်လို့ သတင်းမှားတွေ စစ်တပ်ဝါဒဖြန့်ချိရေးယန္တယားက ဆက်တိုက်ဖြန့်ချိ
Fact Check By: နေရာမောင်Result: Misleading