
COVID-19 ကူးစက်ပျံ့နှံ့မှုမြင့်တက်နေခြင်းနဲ့အတူ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွက် ပါတီတွေဟာ မဲဆွယ်စည်းရုံးမှုကို ကျန်းမာရေးစည်းကမ်းတွေနဲ့အညီဆောင်ရွက်ချိန် လည်းဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအင်္ကျီဝတ်လူအုပ်ကြီးက အလံဝှေ့ယမ်းနေပုံကို “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “Myo Ko”အမည်နဲ့ဖေ့စ်ဘွတ်သုံးစွဲသူက “မုံရွာ သတင်းစုံ”အမည်နဲ့ဖေ့စ်ဘွတ် အုပ်စုမှာ စက်တင်ဘာ ၈ ရက်က အောက်ပါ အတိုင်းမျှဝေထားရာမှာ ပြန်လည်မျှဝေသူ ၁ ထောင် ၂ ရာကျော်ရှိပါတယ်။

ဒီပို့စ်ရဲ့အောက်မှာ မှတ်ချက်တွေဖတ်ကြည့်မယ်ဆိုရင် မုံရွာမှာ ဖြစ်ပျက်ခဲ့ခြင်းမရှိဘူးလို့လည်း မှတ်ချက်ပေး ထားတာမျိုးတွေ တွေ့ရသလို မယုံကြည်သူတွေလည်းရှိပါတယ်။ ဒီပုံထဲမှာပါတဲ့ သူတွေမှာ COVID-19 ကာလအတွင်းစည်းရုံးရေးဓာတ်ပုံတွေလိုမျိုး ပါးစပ်နဲ့ နှာခေါင်းစည်းမပါဝင်တာလည်းတွေ့ရပါတယ်။ အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
ဒီဓာတ်ပုံမှာ gettyimages ဆိုပြီးတော့ ဓာတ်ပုံအသားတံဆိပ်ပါဝင်တာတွေ့ရပါတယ်။ Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေမယ်ဆိုရင် အောက်ပါအတိုင်းတွေ့ရပါတယ်။

ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲနောက်ဆုံးရက်မတိုင်မီ နိုဝင်ဘာ ၆ ရက်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက သင်္ဃန်းကျွန်းမြို့နယ်မှာ လူထုထောက်ခံပွဲလုပ်ခဲ့တုန်း ကပုံဖြစ်ပါတယ်။အောက်ပါလင့်ခ်မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါ အချက်အလက်အရ စက်တင်ဘာ ၈ ရက်က “ယနေ့ မုံရွာ မြင်ကွင်း လေးစားပီလေ” ဆိုပြီးတော့ “Myo Ko”ဖေ့စ်ဘွတ်အသုံးပြုသူမျှဝေထားတဲ့ ပုံဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကာလက ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရန်ကုန်မှာပြုလုပ်တဲ့ လူထုထောက်ခံပွဲပုံဖြစ်တာတွေ့ရပါတယ်။

Title:မုံရွာက ပြည်ခိုင်ဖြိုးပါတီထောက်ခံပွဲအဖြစ်ဖော်ပြနေတဲ့ ဓာတ်ပုံသတင်းမှား
Fact Check By: Nayar MaungResult: False