ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ စစ်တပ်အသွင်ပြောင်း နေပြည်တော်အစိုးရက သဘောတူလိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ဒီရက်ပိုင်း ပျံ့နှံ့မှု ပြန်လည်အားကောင်း နေတာ တွေ့ရတယ်။ သတင်းတုဖြန့်ချိနေ ခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက် မရှိပါဘူး။
အောက်ပါစခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုထားတဲ့ ယူကျူ့ချန်နဘ်တခုက ရယူထားခြင်းဖြစ်တယ်။အလားတူတဲ့ မျှဝေမှုကို ဒီချန်နယ်ကပဲ ဒီနေရာမှာမျှဝေထားတာလည်း တွေ့ရတယ်။
“အမှု အားလုံး ရုတ်သိမ်းကြောင်း ကြေညာ
အိန္ဒိယ ပြန်ရောက်လာတဲ့ မင်းအောင်လှိုင် နိုင်ငံတကာ ထောက်ခံမှု ရချင်လို့ ဒေါ်စုကို လွတ်ပေးဖို့ အမိန့်ကြေညာလိုက်ပြီ”

နောက်ထပ် ယူကျူ့ချန်နယ်တခုမှာတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ်စွပ်စွဲချမှတ်ထားတဲ့ ပြစ်ဒဏ်တွေအကုန်လုံး ကင်းလွတ်ခွင့်ပေးပြီး ပြန်လွတ်လာပြီလို့လည်း ဆိုထားပါတယ်။

အချက်အလက်စိစစ်ချက်
ပထမဆုံး “ Yangon Khit Thit”အမည်နဲ့ ယူကျူချန်က မျှဝေထားတဲ့ ဗွီဒီယိုကို လေ့လာကြည့်ရာမှာ အာဆီယံနဲ့ ချမှတ်ထားသော ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့၊ နိုင်ငံရေးအကျပ်အတည်းများ ပြေလည်စေရန် နိုင်ငံတကာ ဖိအားပေးမှုများကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့် အမှုအားလုံးကို အပြီးသတ်ရုပ်သိမ်းပြီး ချွင်းချက်မရှိ ပြန်လည်လွှတ်ပေးလိုက်ကြောင်း ကတိပြုထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်မှ သမ္မတဖြစ်လာသူ မင်းအောင်လှိုင်က ပြောကြောင်း ဗွီဒီယိုထဲမှာ ဆိုထားပါတယ်။ တကယ်တမ်းမှာ ဒီသတင်းဟာ မှန်ကန်ခြင်းမရှိဘဲ လုပ်ကြံပြော ဆိုထားခြင်းဖြစ်တယ်။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေနဲ့ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကျတဲ့ မီဒီယာတွေမှာ ဒီလိုသတင်းဖော်ပြချက် မတွေ့ရပါဘူး။
ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးမယ်လို့ စစ်တပ်ခေါင်းဆောင်ဟောင်းက လက်ရှိအချိန်အထိ တိတိကျကျပြောဆိုချက်မရှိပါဘူး။ ဒေါ်အောင်ဆန်းစုကြည်အတွက် ကောင်းတာတွေ စဉ်းစားထားတယ်လို့သာ ပြီးခဲ့တဲ့ ဧပြီလအတွင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးခရီးစဉ်မှာ မင်းအောင်လှိုင်က ပြောကြားခဲ့တာရှိပါတယ်။
ဆက်လက်ပြီး ဗွီဒီယိုထဲမှာ အာဆီယံအထူးကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးမှုရလဒ်အရ ဒေါ်အောင်ဆန်းစုကြည် အား လွတ်လပ်စွာ နေထိုင်ခွင့်ပြုပြီး နိုင်ငံရေးလမ်းစဉ်များတွင် ပါဝင်ပတ်သက်ခွင့်ပေးရန် သဘောတူညီချက်တွေ ပါဝင်တယ်လို့ ဆိုထားတယ်။ ဒီအပြင် တက္ကသိုလ်ရိပ်သာလမ်းရှိ သမိုင်းဝင်နေအိမ်အတွင်းနှင့် ခြံဝင်းတစ်ခုလုံးကို အကြီးစားသန့်ရှင်းရေးနဲ့ ပြုပြင်မှုများ ပြုလုပ်နေတာကြောင့် ဒေါ်အောင်ဆန်းစုကြည် မကြာမီ ပြန်လည်ရောက်ရှိ နေထိုင်တော့မည့် အသင့်ရှိနေသည့် လက္ခဏာရပ်တစ်ခု ဖြစ်တယ်လို့လည်း ပါရှိတယ်။
တကယ်တော့ ဒီအချက်အလက်တွေဟာလည်း အထောက်အထားကင်းမဲ့ပါတယ်။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”နဲ့ “Mandalay Khit Thit” ယူကျူ့ချန်နယ်တွေဟာ သတင်းမီဒီယာ တချို့မှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ကူးယူဖော်ပြရာမှာ လူမှုကွန်ယက်အသုံးပြုသူတွေ စိတ်ဝင်စားမှုမြင့်မယ့် သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိလေ့ရှိပါတယ်။ Fact Crescendo Myanmar မှာ မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။ ဒီချန်နယ်တွေဟာ တခါတရံ သတင်းခေါင်းစဉ်မှာပဲ အတုပြုလုပ်တာမဟုတ်ဘဲ လုံးဝလုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့ သတင်းမီဒီယာ တွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေလည်း ပြုလုပ်ပါတယ်။
သုံးသပ်ချက်
ဒီလိုပြောဆိုဖြန့်ချိနေတဲ့ ချန်နယ်တွေကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ်တုတပ်တွေ ဖြန့်ချိတဲ့နေရာ ဖြစ်တာတွေ့ရတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာတဲ့ အထောက်အထားမရှိသလို စစ်တပ်အသွင်ပြောင်း နေပြည်တော်အစိုးရကလည်း ပြန်လည်လွှတ်ပေးဖို့ သဘောတူတဲ့အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာ ဖော်ချက်မရှိသေးပါဘူး။

