စစ်ကြောရေးမှာ အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ်ထားပြီး နှိပ်စက်နေတဲ့ ဓာတ်ပုံတွေပေါက်ကြား လာတယ်ဆိုပြီး ဓာတ်ပုံပို့စ်တခု မေလ တတိယပတ်ကစပြီး ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ တကယ်တော့ ဓာတ်ပုံဟာ ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုဖန်တီးထားတဲ့ အထောက်အထားတွေ တွေ့ရပါတယ်။
ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုတွေကို ဒီနေရာ၊ ဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရတယ်။
“#စစ်ကောင်စီ စစ်ကြောရေးခန်းထဲက ပေါက်ကြားလာတဲ့ အမှန်တရား • စစ်ကြောရေးတွင် အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ် နှိပ်စက်ထားသည့် ဓာတ်ပုံများ ပေါက်ကြားလာမှု မကြာသေးခင်က လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ စစ်ကောင်စီရဲ့ စစ်ကြောရေး (သို့) အချုပ်ခန်းတစ်ခုအတွင်း အမျိုးသမီးတစ်ဦးကို ညှဉ်းပန်းနှိပ်စက် ဖမ်းဆီးထားတဲ့ တုန်လှုပ်စရာ ဓာတ်ပုံတချို့ အွန်လှိုင်းပေါ်မှာ ပေါက်ကြားပျံ့နှံ့လာခဲ့ပါတယ်။ ပန်းရောင်ပွင့်ရိုက်ဂါဝန် ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ဦးကို သံတိုင်အချုပ်ခန်းအဟောင်းကြီးထဲမှာ လက်ကို နောက်ပြန်လက်ထိတ်ခတ်ထားပြီး ခြေထောက်နှစ်ဖက်လုံးကိုလည်း သံခြေကျဉ်းတွေ အတင်းအကျပ် ခတ်နှောင်ထားတာကို စိတ်မကောင်းဖွယ်ရာ တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ ဒီဓာတ်ပုံတွေဟာ ဘယ်စစ်ကြောရေးစခန်းမှာ ဖမ်းဆီးခံရတာ ၊ဖမ်းဆီးခံထားရသူဟာ ဘယ်သူဖြစ်တယ်ဆိုတာကို အတိအကျ အတည်မပြုနိုင်သေးပေမယ်လည်း အင်တာနက်အသုံးပြုသူ ပြည်သူတွေကြားမှာ အဆိုပါအမျိုးသမီးရဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်ပူပန်မှုတွေ အလွန်မြင့်မားနေပါတယ်။ ဒါဟာ စစ်ကောင်စီ ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းတွေကို တရားဝင် ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး အမျိုးသမီးတွေအပေါ် စစ်ကောင်စီက ဘယ်လောက်အထိ လူမဆန်စွာ ရက်စက်နေသလဲဆိုတာကို သက်သေပြလိုက်တဲ့ ပေါက်ကြားမှတ်တမ်းတစ်ခုပဲ ဖြစ်နေပါတယ်။ #HumanRightsViolations #SaveMyanmarWomen #InterrogationLeak #WhatIsHappeningInMyanmar #ThetNaingAung #arts4revo #highlightseveryone #followerseveryone”

အချက်အလက်စိစစ်ချက်
ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဓာတ်ပုံတွေက မြင်ကွင်းတွေကို သေချာလေ့လာကြည့်မယ်ဆိုရင် အလင်းအမှောင် သဘာဝမကျတာ၊ တချို့သော အစိတ်အပိုင်းတွေမှာ ရုတ်တရက်ဝါးသွားတာတွေ၊ မထင်ရှားတာတွေ တွေ့ရပါတယ်။ ဥပမာအားဖြင့် ခြေထောက် ခြေကျဉ်းခတ်ထားတဲ့ ကွင်းနေရာဟာ သံကွင်းလိုလို ကြိုးလိုလို ရုတ်တရက် ကွက်ပြီး ဝေဝါးသွားတာ၊ ထိုင်နေတဲ့ပုံစံဟာ သံကုတင်နဲ့ ကင်းကွာနေသလို ခံစားရတာ စတဲ့ သံသယဖြစ်ဖွယ် အချက်တချို့တွေ့ရပါတယ်။
AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို အမှန်တကယ်ဓာတ်ပုံတွေကနေ ခွဲခြားစိတ်ဖြာနိုင်တဲ့ Hivemoderation ပလက်ဖောင်းကို အသုံးပြု စစ်ဆေးကြည့်ရာမှာ ဒီဓာတ်ပုံဟာ AI အသုံးပြု ဖန်တီးထားနိုင်ခြေ မြင့်မားနေတာ တွေ့ရပါတယ်။

ဒီလိုပဲ ဒီဓာတ်ပုံဟာ Google AI တခုခုကို အသုံးပြုဖန်တီးထားခြင်းရှိမရှိ စစ်ဆေးကြည့်ရာမှာတော့ ဒီဓာတ်ပုံဟာ Google AI နဲ့ပြုလုပ်ထားတာလည်း တွေ့ရပါတယ်။

နောက်ထပ်ဓာတ်ပုံဖြစ်တဲ့ မတ်တတ်ရပ်နေပြီး နောက်ကျောဘက်က ရိုက်ကူးထားတဲ့ ဓာတ်ပုံကိုလည်း Google AI အသုံးပြုပြီး ဖန်တီးထားတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒုတိယပုံကို ကြည့်မယ်ဆိုရင် မူလက နောက်ကျောပေးရပ်နေတဲ့ အမျိုးသမီးတယောက် ဒါမှမဟုတ် နဂိုလက်ထိပ်ခတ်ထားတဲ့ ဓာတ်ပုံကို အသုံးပြုပြီး နံဘေးမှာ ကုတင်နဲ့ ထောင်နံရံလိုမျိုးတွေကို AI အသုံးပြုပြီး ထပ်မံဖန်တီးခဲ့ဖွယ်ရှိတာ လည်း တွေ့ရပါတယ်။
ဒီလိုပျံ့နှံ့လာတဲ့ ဓာတ်ပုံကို အရင်းအမြစ်နဲ့ ပျံ့နှံ့ခဲ့ပုံကို Google မှာပဲ ပုံရှာနည်းအသုံးပြု ရှာဖွေကြည့်ရာမှာ ဒီဓာတ်ပုံတွေကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း အတည်မပြုနိုင်တဲ့ တစ်တော့(tiktok)မှာ အစောဆုံးမျှဝေထားတာ တွေ့ရပါတယ်။

ဒီတစ်တော့အကောင့်မှာ နောက်ထပ် ထောင်ဝတ်စုံနဲ့ အမျိုးသမီးတယောက်ကို အုတ်စီနံရံနဲ့ အချုပ်ခန်းထဲမှာ ဖမ်းဆီးလက်ထိတ်၊ ခြေကျဉ်းခတ်ထားဟန်နဲ့ ဓာတ်ပုံကိုလည်း တွေ့ရပြီး မေ ၉ ရက်က “ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ရှောင်တခင်စစ်ဆေးစဉ် အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ပူးပေါင်းသူ အမျိုးသမီးတစ်ဦးအား သက်သေခံအထောက်အထားများနှင့်အတူ ဖမ်းဆီးရမိ”ဆိုပြီးတော့ ရေးသားမျှဝေထားပါတယ်။ ဒီဖြစ်စဉ်ဟာ အမှန်တကယ် ပြင်ပမှာ ဖြစ်ပျက်ခဲ့ခြင်းရှိမရှိ အတည်မပြုနိုင်ပေမဲ့ ဓာတ်ပုံထဲပါ အမျိုးသမီးဟာ Google AI တခုခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဓာတ်ပုံဖြစ်တာတွေ့ရပါတယ်။


သုံးသပ်ချက်
မြန်မာစစ်အာဏာပိုင်တွေဟာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အပြင်းအထန်နှိပ်စက်စစ်ဆေးမှုတွေ လုပ်လေ့ရှိတာမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ဒါပေမဲ့ လူမှုကွန်ယက်ပို့စ်တွေမှာ ပျံ့နှံ့ခဲ့တဲ့ စစ်ကြောရေးမှာ အမျိုးသမီးတစ်ဦးကို လက်ထိတ်၊ ခြေကျဉ်းခတ်ထားပြီး နှိပ်စက်မှုပေါက်ကြားလာမှုဆိုတဲ့ အခု ဓာတ်ပုံတွေဟာ AI နဲ့ ပြုပြင်ဖန်တီး ထားတာတွေ့ရပြီး အမှန်တကယ်ရိုက်ကူးထားတဲ့ ဓာတ်ပုံပေါက်ကြားလာခြင်း မဟုတ်တာ တွေ့ရပါတယ်။

