NUG ကို လက်နက်ပေးဖို့ အမေရိကန် ကတိပြုလိုက်ပြီး စစ်ကောင်စီကို တိုက်ခိုက်ဖို့အတွက် NUG ဟာ အမေရိကန်ရဲ့ အကူအညီရပြီလို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။
“NUG ကို လက်နက်ပေးဖို့ US ကတိပြု
တရုတ်အားကိုးနဲ့ အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို
တိုက်ခိုက်ဖို့ NUGကို စစ်ကူပေးလာပြီ”
အချက်အလက်စိစစ်ချက်
ဒီလို လက်နက်အကူအညီ NUG ကိုပေးမယ့်အကြောင်း ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာဖြစ်စေ၊ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာဖြစ်စေဖော်ပြချက် မတွေ့ရပါဘူး။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံအပေါ် အမေရိကန်ရဲ့ မူဝါဒဟာ ဖက်ဒရယ်ဒီမိုကရေစီ အရေးလုပ်ဆောင်နေသူတွေကို အကူအညီပေးရေးပဲဖြစ်တယ်။ ဒီမူဝါဒက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်လက်ထက်ကတည်းက မူဝါဒဖြစ်တယ်။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”ယူကျူ့ချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီချန်နယ်ဟာ သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနရဲ့ ယူကျူ့နာမည်ကို တုပထားပြီး လုပ်ကြံရေးသားပြော ဆိုမှုတွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြပြီး သတင်းတွေကို ရောနှော ဖြန့်ချိတာတွေ ပြုလုပ်ပါတယ်။
၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတာကတော့ “အာဏာသိမ်း မြန်မာစစ်တပ်က ရက်စက်ကြမ်းကြုတ်လွန်းပြီး တရုတ်နိုင်ငံက အလွန်ဩဇာကြီးမားစွာ ထိန်း ချုပ်နေ”၊ “စစ်တွေ၊ ရွှေမင်းဂံရေတပ်စခန်းက ရေယာဥ်တစ်ချို့ AA ရဲ့လက်နက်ကြီးထိမှန်”၊ “ရေကြည်မြို့နယ်ရှိ စစ်အုပ်စု၏ တောင်ကုန်း ၂ ခုကို AA နှင့် မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်၊ သုံ့ပန်း ၁၀ ဦးဖမ်းမိဟုဆို”စတဲ့ သတင်း တွေပဲဖြစ်တယ်။
သုံးသပ်ချက်
အမေရိကန်ဆီက NUG လက်နက်အကူအညီရတဲ့ ပြောဆိုချက် ဗွီဒီယိုကို သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတယ်။ မြန်မာအပေါ်မှာ တရုတ်သြဇာသက်ရောက်မှုကြီးနေလို မြန်မာအရေးနဲ့ ပတ်သက်ရင် အမေရိကန်အနေနဲ့ ဆောင်ရွက်နိုင်မှုအကန့်အသတ်နေတယ်ဆိုတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်ကို အမေရိကန်က လက်နက်အကူအညီပေးနေပြီဆိုတာ သတင်းခေါင်းစဉ်တုတပ်ထားခြင်းဖြစ်တယ်။

