
စစ်ကောင်စီလက်အောက်ခံ BGF တပ်တွေက KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းကို တိုက်ခိုက် သိမ်းပိုက်စဉ်မှာ လက်နက်တွေသိမ်းဆည်းရမိခဲ့ပြီး မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်း ရာဂဏန်း တွေ့ခဲ့ရတယ်လို့ ရေးသားပြီး ဓာတ်ပုံ ၃ ပုံနဲ့အတူ ပို့စ်တခု ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတာတွေ့ရပါတယ်။
လုပ်ကြံရေးသားဖြန့်ဝေနေခြင်းသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဖေ့စ်ဘွတ်ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ စာသား ကောက်နုတ်ချက်ကိုလည်း ကြည့်ပါ။
“KNU.တပ်မဟာ…၆ ယုတ်မာရက်စက်စက်မှု့တွေကို….နယ်မြေရှင်း တိုက်ခိုက်သုတ်သင်နေတဲ့ တပ်တွေ အဝင်မခံတာ ဒါကြောင့်ကိုး…. KNU.တပ်မဟာ ၆…သူတို့နယ်မြေထဲ စစ်ကြောင်း တပ်မတော်နဲ့ ကရင်မင်းသားBGFတပ်တွေရှာဖွေဖော်ထုတ်ခဲ့တယ် သိမ်းပိုက်မိတဲ့ လက်နက် ခဲယမ်းအသုံးအဆောင် ပစ္စည်းတွေအပြင် လူသတ်မုဒိမ်းကျင့်…. မြှုတ်နှံထားတဲ့ လူသေကျင်းတွေ အများကြီးကြီး တွေ့ရတယ်….ခန့်မှန်း အလောင်းအရေအတွက်..၅၀၀ ကျော်ခန့်ရှိမည်ဟု ခန့်မှန်းရ၏ တပ်မဟာ 6 PDF စခန်းဝင်သိမ်းတဲ့အခါ မတူညီတဲ့ နေရာကိုးနေရာမှာ အစုလိုက် သတ်ထားတာတွေ တွေ့ရတယ် နေရာစီတိုင်းမှာDBပျတ်ယွင်းနေတဲ့ အလောင်းပေါင်း ငါးဆယ်ကျော်ခြောက်ဆယ့်ကြားတွေ့ရတယ် နေရာသုံးနေရာမှာတော့ ဦးခေါင်းတွေမပါကျဘူး နေရာ နှစ်နေရာမှာတော့ အမျိုးသမီးသီးသန့် အဝတ်မဲ့ ကြိုးတုတ်လျှာတ်သား မုဒိမ်းကျင့်ပြီးမှ သတ်တဲ့သဘောပါ….စုစုပေါင်း DB ငါးရာကျော် ရှာဖွေတွေ့ရှိခဲ့၏
ကြောင်သူတော် ကြက်သူခိုး..KNU တပ်မဟာ ၆ပါတကား…”
မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ချက်
ဒီလက်နက်ခဲယမ်းဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က ၂၀၂၁ ခုနှစ်ထဲမှာ အချက်အလက်စိစစ်ချက်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအချိန်က ရန်ကုန်မှာ ကျူးတဲတွေကို စစ်တပ်က အပြင်းအထန်ဖယ်ရှားနေချိန်ဖြစ်ပြီး လမ်းဘေး ကျူးကျော်နေအိမ်တွေကို ဖျက်သိမ်းလိုက်ပြီးနောက် တွေ့ရတဲ့လက်နက်တွေဆိုပြီးတော့ ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
တကယ်တမ်း ဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက အာဖဂန်နစ္စတန်က တာလီဘန်တပ်တွေ ဖမ်းဆီးရမိခဲ့တဲ့ M4 ကာဘိုင်၊M16A2/A4 လက်နက်တွေနဲ့ စစ်ဝတ်တန်ဆာနဲ့ အခြားစပ်ဆက်ပစ္စည်းတွေ ပဲဖြစ်ပါတယ်။
အခုလည်း စစ်တပ်ဝါဒဖြန့်ချိရေးဖေ့စ်ဘွတ် အကောင့်တခုက ဓာတ်ပုံတွေအပါအဝင် ပြောဆိုချက် သတင်းမှား ထပ်မံဖြန့်ဝေလာတာပဲဖြစ်ပါတယ်။ ဒီပြောဆိုချက်မှာပါသလို KNU တပ်မဟာ ၆ မှာ လူထောင်နဲ့ချီ သတ်ဖြတ်ခံရမှု၊ ရာနဲ့ချီပြီး မုဒိန်းကျင့် သတ်ဖြတ်မှုရှိခဲ့တယ်ဆိုပြီး ယုံကြည်ရလောက်တဲ့ အရင်းအမြစ်တခုတလေက ဖော်ပြချက်မရှိပါဘူး။
ဒီလိုပဲ တခြားသော ဓာတ်ပုံတခုဖြစ်တဲ့ လက်နက် ၆ လက် တန်းစီထားတဲ့ ဓာတ်ပုံကိုတော့ ၂၀၂၀ ခုနှစ် နိုဝင်ဘာမှာကတည်း Karen Army အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။
သုံးသပ်ချက်
KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းတခုမှာ မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်း ရာဂဏန်း တွေ့ခဲ့ရတယ်ဆိုတဲ့ အထောက်အထား ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြချက်မရှိချိန်မှာ ဒီစခန်းကို တိုက်ခိုက်သိမ်းပိုက်စဉ်မှာ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ လက်နက်ဓာတ်ပုံတွေဟာ ၂၀၂၀ ခုနှစ်အတွင်း ဓာတ်ပုံဟောင်းတခုနဲ့ အာဖဂန်နစ္စတန်က တာလီဘန်တွေ သိမ်းဆည်းရမိတဲ့ လက်နက်တွေပုံဖြစ်နေပြီး သတင်းတု ဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။
ပြောဆိုချက်- စစ်တပ်လက်အောက်ခံ BGF က တိုးစစ်ဆင်တိုက်ခိုက်စဉ် KNU တပ်မဟာ ၆ နယ်မြေက PDF စခန်းမှာ မုဒိန်းကျင်သတ်ဖြတ်ထားတဲ့ အလောင်းများစွာတွေ့ရှိပြီး သေနတ်တွေ သိမ်းဆည်းရမိ

Title:Fact Check: KNU ဆီက သိမ်းဆီးရမိတဲ့ လက်နက်တွေလား- မဟုတ်ပါ
Fact Check By: နေရာမောင်Result: False