Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု

False နိုင်ငံရေး | Politics

မြန်မာစစ်အုပ်စုကို အာဆီယံက ထုတ်ပယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့မှာ ပျံ့နှံ့မှု အားကောင်းနေတယ်။ သတင်းတု ဖြန့်ချိမှုတခုသာဖြစ်တယ်။

ပျံ့နှံ့မှုအားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။  

“စစ်ကောင်စီ အာဆီယံက ဖယ်ထုတ်ခံရ

စစ်ကောင်စီဟာ တရားဝင်အစိုးရမဟုတ်ဘူးလို့ ထိုင်း

ဝန်ကြီးအပြတ်ပြော၊ စစ်အုပ်စု ငါးပါးမှောက်ပြီ”

Original link | Archive link

အချက်အလက်စိစစ်ချက်

 ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာန အမည်နာမနဲ့ အမှတ်တံဆိပ်ကို တုပထားပြီး မီဒီယာတချို့မှာဖော်ပြခဲ့တဲ့ သတင်း တွေကို ပြန်လည် ကူးယူ‌ဖော်ပြပြီး သတင်းခေါင်းစဉ်တုတပ် ဖြန့်ချိတဲ့နေရာဖြစ်တာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar အနေနဲ့ မကြာခဏ အချက်အလက်စိစစ်ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။

အခုလည်း တကယ်တမ်း ဗွီဒီယိုပါအကြောင်းအရာဟာ People’s Spring သတင်းဌာနကဖော်ပြခဲ့တဲ့ “မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ ဖိအားပေးမှု နည်းလမ်းနဲ့ ချဉ်းကပ်လို့ မရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြော”ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြပြီး ခေါင်းစဉ်လွဲတပ်ထားခြင်းဖြစ်တယ်။ Reutersနဲ့ အင်တာဗျူးမှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယာပွန်ဆာက လာမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ) ထိပ်သီး ညီလာခံမှာလည်း ထိုင်းအနေနဲ့ မြန်မာ့အရေး ဖြေရှင်းမှုကို နိုင်ငံတကာ အသိုက်အဝန်းနဲ့ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းတွေ မြှင့်တင်သွားဖို့ လိုလားကြောင်း မှတ်ချက်ပေးခဲ့တာကို ပြန်လည်ဖော်ပြထားတယ်။

၈ မိနစ်ကျော် ရှည်လျားတဲ့ ဒီခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ PVTV သတင်းဌာနကဖော်ပြခဲ့တဲ့ “မိုးကုတ်မြို့အနီး ရစ်ခ်တာစကေး ၄.၂ အဆင့်ငလျင်တစ်ခုထပ်မံလှုပ်ခတ်”၊ ဧရာဝတီသတင်းဌာနကဖော်ပြခဲ့တဲ့ “ရွေးကောက်ပွဲအောင်မြင်ရေး စစ်တပ်က အမာခံဆောင်ရွက်မည်ဟု စစ်ခေါင်းဆောင် ပြော”စတဲ့ သတင်းတွေကို ပြန်လည်‌ဖော်ပြထားတယ်။

သုံးသပ်ချက်

သတင်းဌာနကတခုက ဖော်ပြခဲ့တဲ့ မြန်မာ့အရေး ဆွေးနွေးမှုတွေမှာ ဖိအားပေးမှုနဲ့ ချဉ်းကပ်လို့ မရကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးပြောတဲ့ သတင်းကို လိုအပ်သလို ခေါင်းစဉ်တပ်ထားတယ်။ မြန်မာစစ်အစိုးရက အာဆီယံက ဆက်လက်ထိတွေ့ဆက်ဆံနေဆဲဖြစ်ပြီး အာဆီယံကနေ စစ်အုပ်စုကို ထုတ်ပယ်လိုက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: စစ်ကောင်စီကို အာဆီယံကထုတ်ပယ်တဲ့ သတင်းတု

Written By: နေရာမောင်  

Result: False