ဇူလိုင် ၂၄ ရက်မှာ ရုတ်တရက် ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ နယ်စပ်အရေးနဲ့ပတ်သက်ပြီး အပြန်အလှန် တိုက်ခိုက်မှု တွေဖြစ်ပွားပြီးနောက် ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုဆိုပြီး ပို့စ်တခု ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှု အားကောင်း လျက်ရှိတယ်။ နားလည်မှုလွဲမှားစေနိုင်တဲ့ ပြောဆိုမှုဖြစ်တာတွေ့ရတယ်။ ဗွီဒီယိုဟာ လက်ရှိဖြစ်စဉ်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဖေ့စ်ဘွတ်ပို့စ်က ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ ရေးသားမျှဝေမှုတွေကို ဒီနေရာမှာလည်း တွေ့ရပါတယ်။
“ကမ္ဘောဒီးယားက ထိုင်း F16
တိုက်လေယာဉ်ကို ပစ်ချခဲ့ပါတယ်။”
အချက်အလက်စိစစ်ချက်
Google မှာ ပုံရှာနည်းအသုံးပြုပြီး ဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ ရုရှား UAV တစင်းကို ယူကရိန်းက ဖျက်ချခဲ့တဲ့ ဖြစ်စဉ်က ဖြစ်တာတွေ့ရပါတယ်။ ၄၅ စက္ကန့်ရှည်လျားပြီး ပိုမိုမြင်ကွင်းကျယ်တဲ့ ဗွီဒီယိုကို ၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်က “Breaking bad s”အမည်နဲ့ ယူကျူ့အကောင့်တခုက ရုရှားဘာသာနဲ့ ရေးသားဖြန့်ဝေထားတာတွေ့ရပါတယ်။ မူလ ရုရှားဘာသာကနေ မြန်မာဘာသာကို ပြန်ဆိုကြည့်ရာမှာ “Kharkov – ယူကရိန်း Wehrmacht #2025 #Kharkov ၏အရာဝတ္ထုများလုပ်ဆောင်နေစဉ် “Geraniums” များထဲမှတစ်ခုရောက်ရှိလာသည့်အချိန်”လို့ ရေးသားထားတာတွေ့ရပါတယ်။ (Google Translate အသုံးပြုပြီး ပြန်ဆိုထားခြင်းဖြစ်သည်)
၂၀၂၅ ဧပြီ ၃၀ ရက်မှာ Pravda သတင်းဌာနက အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြချက်မှာလည်း ဒီတူညီတဲ့ ဗွီဒီယိုကိုတွေ့ရပြီး “Kharkov ရှိ ပစ်မှတ်ကို Geranium UAV ၏ တိုက်ခိုက်မှု”လို့ ရေးသားထားတာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။
သုံးသပ်ချက်
ကမ္ဘောဒီးယားကို လေကြောင်းတိုက်ခိုက်မှုမှာ လေယာဉ်ပျက်ကျခဲ့တာမရှိဘူးလို့လည်း ထိုင်းဘက်က အတည်ပြုထားပါတယ်။ ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချမှုအဖြစ် မျှဝေထားတဲ့ ဗွီဒီယိုဟာ တကယ်တော့ ယူကရိန်းနိုင်ငံ Kharkov ဒေသမှာ ရုရှား UAV တစင်းကို ပစ်ချခဲ့တဲ့ ဗွီဒီယိုဖြစ်တာတွေ့ရပါတယ်။
ပြောဆိုချက်- ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချမှု ဗွီဒီယို

Title:Fact Check: ထိုင်းတိုက်လေယာဉ်ကို ကမ္ဘောဒီးယားပစ်ချတဲ့ ဗွီဒီယိုလား-မဟုတ်ပါ
Fact Check By: နေရာမောင်Result: Missing Context