Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

False နိုင်ငံရေး | Politics

ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ပြီး လွှတ်ပေးဖို့ လုပ်တဲ့အတွက် တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင် ဖြုတ်ပစ်လိုက်တယ်လို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာမှာ ပျံ့နှံ့မှုအားကောင်း လျှက်ရှိတယ်။ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။

အောက်ပါစာသားကောက်နုတ်ချက်နဲ့ စခရင်ရှော့ကတော့ ဒီလို ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုတခုက ရယူထားခြင်းဖြစ်တယ်။ 

 “မအလ မသိအောင် ဒေါ်စုကို တွေ့ပြီး 

လွှတ်ဖို့လုပ်တဲ့ တိုင်းမှူး(၅)ယောက် ဖြုတ်ချခံရ

တပ်တွင်းပုန်ကန်မှု ပွဲဆူကုန်ပြီ”(မူရင်းအရေးအသား)

မူရင်းလင်ခ့် – Youtube link | Archive link

အချက်အလက်စိစစ်ချက်

ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “KK Audiobooks”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာ အချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ချဲကားရေးသား ထားတဲ့ သတင်းခေါင်းစဉ် သို့မဟုတ် သတင်းခေါင်းစဉ်တု တပ်ပြီး ဖြန့်ဝေလေ့ရှိတဲ့ ချန်နယ်တခုဖြစ်တာ တွေ့ရပါတယ်။ Fact Crescendo Myanmar ရဲ့ အချက်အလက် စိစစ်ချက်တွေကို ဒီမှာကြည့်ပါ။

အခုလည်း ဗွီဒီယိုပါသတင်းဟာ Khit Thit Media ကဖော်ပြခဲ့တဲ့ “ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦး တို့ ရာထူးတာဝန်မှ အနားပေးခံရ”ဆိုတဲ့ သတင်းကို ပြန်လည်ဖတ်ကြားနေခြင်းဖြစ်တယ်။ ဒီလို ကစထမှူးနဲ့ စစ်တိုင်းမှူးတွေ အပြောင်းအလဲ လုပ်တဲ့ သတင်းတပုဒ်လုံးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး လွှတ်ပေးခဲ့တယ်ဆိုတဲ့ အကြောင်းမပါသလို ဒီလိုလုပ်ရပ်ကြောင့် ဖြုတ်ချခံရတယ်ဆိုတဲ့ အကြောင်းလည်း မပါဝင်ပါဘူး။ မူလသတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ကြည့်ပါ။

သုံးသပ်ချက်

Khit Thit Media ကဖော်ပြခဲ့တဲ့ ကစထ ၁ မှူး ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး၊ ရခိုင်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး၊ တနင်္သာရီတိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးတို့ တာဝန်က အနားပေးခံရတဲ့ သတင်းကို လိုအပ်သလို သတင်း ခေါင်းစဉ်တုတပ်ထားတယ်။ ရခိုင်ဒေသစစ်တိုင်းမှူးနဲ့ တနင်္သာရီဒေသစစ်တိုင်းမှူး၊ ကစထ ၁ မှူးတို့ တာဝန်ကနေ အနားပေးခံရ တာဟာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လုပ်လို့ဆိုတာ ယုံကြည်ရတဲ့ သတင်းအရင်း အမြစ်တွေက ဖော်ပြချက်လည်း မရှိပါဘူး။

ပြောဆိုချက်- ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ လုပ်တဲ့ တိုင်းမှူး ၅ ယောက်ကို ရာထူးကနေ စစ်ခေါင်းဆောင်က ဖြုတ်ပစ်

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ပြီး လွှတ်ဖို့လုပ်လို့ တိုင်းမှူး ၅ ယောက် ဖြုတ်ချခံရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *