Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး | Politics

အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ ၅ နယ်မြေ မုန်ဆန်ယန်မှာ KIA နဲ့ PDF တပ်ဖွဲ့ဝင်တွေ အကြား ပစ်ခတ်မှု ဖြစ်ပြီးသေဆုံးဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်ပိုင်းတွေကို ဖမ်းဆီးခံရတယ်ဆိုတဲ့ ပို့စ်တစ်ခုဖေ့စ်ဘွတ် အသုံးပြုသူတွေ အကြားပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပါတယ်။

“အောက်တိုဘာ ၃၁ ရက်နေ့က KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ Kia တပ်ဖွဲ့ဝင်တွေနဲ့ ဆလန်ကမ္ဘာတွေက PDF အဖွဲ့ကိုတပ်မတော်နဲ့ဆက်သွယ်တယ်ဆိုပြီး စွပ်စွဲပြောဆိုခဲ့ရာမှ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

KIA တပ်ဖွဲ့ခေါင်းကြီးပိုင်းတွေက လေကြောင်းပစ်ခတ်မှုကြောင့် သေဆုံးရခြင်းရဲ့တရားခံဟာ PDF အဖွဲ့ထဲကို စိမ့်ဝင်နေတဲ့ စစ်တပ်သူလျှိုတွေကြောင့်လို့ ပြောဆိုပြီး စကားများရာမှ KIA နှင့် PDF များကြား ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး သေဆုံး ဒဏ်ရာရရှိမှုများရှိကာ PDF ခေါင်းဆောင်အချို့ကို ဖမ်းချုပ်ထားလိုက်ကြောင်း သိရှိရပါတယ်။”လို့ ရေးသားပြီး “စစ်သည် တော်” အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူကအောက်ပါအတိုင်းမျှဝေထား တာတွေ့ရပါတယ်။ 

မူရင်းလင်ခ့် – FB linkArchive link  

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ နဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။ 

အချက်အလက်စိစစ်ချက်

အဓိကျတဲ့စကားလုံးအချို့အသုံးပြုပြီးအကြောင်းအရာကို ရှာဖွေကြည့်ရာမှာ ဒီလူမှုကွန်ယက်မှာ ပျံ့နှံ့နေသလို KIA တပ်မဟာ(၅)၊ မုန်ဆန်ယန်မှာ KIA နှင့် PDF တပ်ဖွဲ့ဝင်များကြား ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး PDF အချို့အဖမ်းခံရတယ် ဆိုတဲ့ သတင်းမျိုးကို မီဒီယာလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာဖော်ပြချက်မတွေ့ရပါဘူး။ ကချင်ပြည်နယ်မှာအဓိကအခြေစိုက်ပြီး ဒီဒေသသတင်းတွေကို အဓိကထားဖော်ပြလေ့ရှိတဲ့ Kachin News GroupKachin News EnglishThe 74 MediaMyitkyina News JournalKachinwaves စတဲ့သတင်းဌာနတွေမှာ လည်း ဒီသတင်းမျိုးကို မတွေ့ရပါဘူး။

အခုဖြန့်ဝေမှုမှာ သတင်းတုအဖြစ်နောက်ထပ် သိသာစေတဲ့အချက်ကတော့ စစ်တပ်ဝါဒဖြန့်ချိရေး လူမှုကွန်ယက်အကောင့်တွေမှာ ဒီလိုမျိုးဖြန့်ချိနေခြင်းဖြစ်တာတွေ့ရပြီး အခြားသော ကချင်နိုင်ငံရေးသမားအပါ အဝင် တက်ကြွလှုပ်ရှားသူတွေဆီကနေ ဒီလိုမျိုးသတင်းဖော်ပြချက်တစ်စုံတစ်ရာမရှိပဲဖြစ်ပါတယ်။

ထို့အပြင် ယခုဖြန့်ဝေနေတဲ့စာသားထဲမှာ သတင်းတင်ဆက်ဟန်နဲ့ရေးသားထားပြီး အောက်တိုဘာ ၂၃ ရက်က တပ်မဟာ(၉) မှာနယ်မြေမှာ ဂီတပွဲတစ်ခုကို မြန်မာစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအပြီး KIA မှ အရာရှိ အဆင့်တစ်ဦး တစ်ခုရဲ့ ပြောကြားချက်ဆိုတဲ့ကိုးကားရေးသားချက်ကိုကလည်းကြည့်ရအောင်ပါ။

အောက်ပါစာသားကတော့ KIA မှအရာရှိတစ်ဦးရဲ့ပြောချက်ဆိုပြီးတော့ အခုသတင်းတုမှာပါတဲ့အသုံးပြုထားတဲ့ တိုက်ရိုက်စကားပြောဖြစ်ပါတယ်။

“ငါတို့ဘာသာနေတုန်းက လေယာဉ်ဆိုတာမမြင်ဘူးဘူး   တစ်ခါမှလည်း တိုက်ခိုက်တာမခံရဘူး ..  ဒီ PDF ဆိုတဲ့ကောင်တွေရောက်လာမှလေယာဉ်နဲ့ ခဏ ခဏ ပစ်ခံနေရတယ် ဒီကောင်တွေ လေတပ်ကိုမြေပုံညွန်းပေး နေတယ်” (မူရင်းအရေးအသား)

အောက်တိုဘာ ၂၃ ရက်ညပိုင်းမှာ KIA တပ်မဟာ ၉ ထိန်းချုပ်နယ်မြေမှာ ဗုံးကြဲမှုကြောင့် KIA ထိပ်တန်းအရာရှိ အချို့အပါအဝင် အနုပညာရှင်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင် ၁၀၀ ဝန်းကျင်သေဆုံးခဲ့တယ်လို့ သတင်းမီဒီယာ တွေမှာ အများအပြားဖော်ပြပါတယ်။ ဒီဖြစ်စဉ်အကြောင်းကို KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး‌နော်ဘူက မီဒီယာတွေကို အဓိကဖြေကြားခဲ့ပါတယ်။ တစ်စုံတစ်ခုသော မီဒီယာကနေပြီးတော့ အခုလိုမျိုးအရာရှိတစ်ဦးရဲ့ ပြောကြားချက်ဆိုပြီးတော့ ကိုးကားအသုံးပြုခြင်းမရှိပါဘူး။ ဗိုလ်မှူးကြီးနော်ဘူကပဲ မီဒီယာတွေနဲ့အဓိက ထိတွေ့ ဆက်ဆံတာတွေ့ရပါတယ်။

KIA နယ်မြေကို မြန်မာစစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုဟာ PDF တွေ သတင်းပေးလို့ဖြစ်ပြီး အရင်က ဗုံးကြဲမခံရဘူး ဆိုတာကလည်း မဟုတ်မှန်ပါဘူး။ ဉပမာအားဖြင့် ၂၀၁၂ ခုနှစ်ထဲမှာ စစ်တိုက်‌လေယာဉ် ၂စင်း၊ ရဟတ်ယာဉ် ၃စင်းနဲ့ လဂျားယန်ကို ထိုးစစ်ဆင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြပြီး လိုင်ဇာမြို့ကိုလည်း မြန်မာ စစ်တပ်က ထိုးစစ်ဆင် လာဖွယ်အ‌နေအထားတွေ့ရှိနေလို့ ‌ဒေသခံများက ဗုံးခိုကျင်းများ တူး‌ဖော်‌နေကြရတယ်လို့ ကရင်သတင်း ဌာနတစ်ခုဖြစ်တဲ့ KIC သတင်းက ဖော်ပြပါတယ်။ ဗွီအိုအေမြန်မာပိုင်းရဲ့ ဒီသတင်းမှာလည်းကြည့်ပါ။

မူရင်းလင်ခ့် – KIC NewsArchive link  

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ စစ်တပ်ဝါဒဖြန့်ချိရေးအကောင့်တွေက KIA  နဲ့ PDF အကြား၊သူတို့ ထောက်ခ သူတွေအကြားထင်ယောင်ထင်မှားဖြစ်အောင် သတင်းတုဖြန့်ချိနေခြင်းပဲဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်က တပ်မဟာ ၅ မှာ KIA နဲ့ PDF လေယာဉ်နဲ့ ဗုံးကြဲခံရမှုအကြောင်းပြုပြီး အချင်းချင်း ပစ်ခတ်မှုဖြစ်တယ် ဆိုတာအထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: KIA နဲ့ PDF များကြားပစ်ခတ်မှုတွေဖြစ်ပွားပြီး ခေါင်းဆောင်အချို့ အဖမ်းခံရဆိုတဲ့ သတင်းတု

Fact Check By: နေရာမောင် 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *