စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေ ရာထူးကနုတ်ထွက်သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေ အကြား ပျံ့နှံ့လျှက်ရှိရာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားတစ်ခုဖြစ်တာတွေ့ရပါတယ်။

“၁ရက်နေ့ထခုန်လို့ရပြီ။ စကစသမ္မတမြင့်ဆွေနှုတ်ထွက်။၂၈နာရီအတွင်းအားလုံးပြောင်းလဲတော့မယ်”လို့ ရေးသားပြီး “Jolene Mcdonald” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာက ဗွီဒီယိုတစ်ခုကို အောက်ပါအတိုင်းမျှ ဝေထားရာမှာ ဒီပို့စ်ကို မျှဝေမှုပေါင်း ၁၁၀၀ ကျော်၊ ကြည့်ရှု့မှုပေါင်း ၅ သိန်း ၇ သောင်းကျော်ရှိပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ စိတ်ဝင်စားမှုရအောင် လှည့်စားထားတဲ့ သတင်းခေါင်းစဉ်အတုနဲ့ ဗွီဒီယို သာဖြစ်ပါတယ်။ ၁၂ မိနစ်ဝန်းကျင်ရှည်လျားတဲ့ ဒီဗွီဒီယိုပါအကြောင်းအရာဟာ တကယ်တော့ ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဖော်ပြခဲ့တဲ့ “တပတ်အတွင်း သတင်းစုံ”ဆိုတဲ့ ကဏ္ဏအောက်က “စစ်အာဏာသိမ်း ၂ နှစ်လွန် စစ်ကောင်စီ ဆက်လက် ကလိမ်ခြုံဦးမည်၊ သမ္မတအိမ်တော်နဲ့ မတန်မရာ ဝင်နေတဲ့ စစ်ခေါင်းဆောင်နဲ့ တိုက်ပွဲတွေကြား ထိုင်း- မြန်မာ အမှတ် ၁ ချစ်ကြည်ရေး တံတား ဖွင့်နိုင်ပါ့မလား”စတဲ့ ဆောင်းပါးတွေကို အသံသွင်း၊ ဗွီဒီယိုပုံစံပြုလုပ်ကာ ပြန်လည်ဖော်ပြနေခြင်းသာဖြစ်ပါတယ်။

တကယ်တော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲအကြောင်းပြ အာဏာဆက်ယူနိုင်ရေး လိမ်လည်ဖို့ ကြိုးပမ်းနေတဲ့ အကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပယ်ဖျက်ခဲ့တာကအစ၊ သမ္မတအိမ်မှာ တက်နေပြီး အဆောင်အယောင်ဘွဲ့ တံဆိပ်ပေးတာ၊အကျဉ်းသားလွတ်ငြိမ်းပေးတာအဆုံး သူတို့လိုက်နာနေတယ်ဆိုတဲ့ အခြေခံဉပဒေကိုတောင်မလိုက်နာဘဲလုပ်တာနေတာတွေဟာ အာဏာထိန်းတယ်လို့ ယုံစရာမရှိတဲ့အကြောင်း၊ ကရင်ပြည်နယ် မြဝတီမြို့နဲ့ ထိုင်းနိုင်ငံ တပ်ခရိုင် မဲဆောက်မြို့ကို ဆက်သွယ်ထားတဲ့ ချစ်ကြည်ရေး တံတား အမှတ် ၁ ကို ဇန်နဝါရီ ၁ရက်နေ့ ပြန်ဖွင့်မယ်လို့ သတင်းထွက်နေပြီး ထိုင်းဘက်ခြမ်းကတော့ တံတားသန့်ရှင်းရေး လုပ်ကိုင်နေပေမယ့် တိုက်ပွဲတွေကြောင့် ပြန်ဖွင့်နိုင်မှာမဟုတ်တဲ့အကြောင်း စတဲ့အကြောင်းအရာတွေသာ ဖြစ်ပါတယ်။

အကြောင်းအရာအပြည့်အစုံကိုအောက်ပါလင့်ခ်မှာ ဝင်ရောက်ဖတ်ရှူ့ပါ။

မူရင်းလင်ခ့် – Irrawaddy | Archive link

သုံးသပ်ချက်

ဧရာဝတီသတင်းဌာနက ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဖော်ပြခဲ့တဲ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ပြီးလည်း စစ်ကောင်စီ ဆက်လက်လိမ်ညာကာ ဆက်လက်အုပ်ချုပ်ဦးမယ့်အကြောင်းနဲ့ မြဝတီ-မဲဆောက် ဆက်သွယ် ထားတဲ့ ထိုင်း-မြန်မာ အမှတ် ၁ ချစ်ကြည်ရေးတံတာဟာ တိုက်ပွဲတွေကြောင့် ဖွင့်လှစ်နိုင်မှာ မဟုတ်တဲ့ အကြောင်းဖော်ပြချက်တွေကို စစ်တပ်ခန့် သမ္မတ ဦးမြင့်ဆွေနုတ်ထွက်ဆိုတဲ့ခေါင်းစဉ်တုနဲ့ ဖြန့်ချိလာ ခြင်းသာဖြစ်ပါတယ်။

Avatar

Title:Fact Check: စစ်တပ်ခန့်သမ္မတဦးမြင့်ဆွေ ရာထူးမှနုတ်ထွက်ဆိုတဲ့သတင်းခေါင်းစဉ်တု

Fact Check By: နေရာမောင်

Result: Partly False