Fact Check: ရန်ကုန်ကို မုန်တိုင်းစတိုက်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

False လူမှုရေး

ဆိုက်ကလုန်းမုန်တိုင်း မြန်မာနိုင်ငံကို ဝင်ရောက်နိုင်ခြေရှိတဲ့ သတင်းဟာ ဒီရက်ပိုင်းအတွင်းမှာ ရေပန်းစား နေပါတယ်။ ဒီလိုခြေအနေမှာ ရန်ကုန်မှာ မုန်တိုင်းဝင်နေပြီဆိုတဲ့ ဗွီဒီယို ယူကျူ့မှာဖြန့်ဝေထားတာမှာ ဝင်ရောက်ကြည့်ရှူ့မှု များပြားလျက်ရှိပါတယ်။ 

 “ရန်ကုန်ဆိပ်ကမ်း စတိုက်နေပြီး အိမ်တွေပါကျွတ်ထွက်ကုန်ပြီ (ဘေးကင်းကြပါစေ)”လို့ရေးသားထားပြီး ဗွီဒီယိုထဲမှာ လေပြင်းတိုက်နေတဲ့ ရုပ်သံဖိုင်တစ်ခုလည်းပါဝင်ပါတယ်။ 

ကြည့်ရှူ့မှုများပြားနေတဲ့  ယူကျူ့ မှာတင်ထားတဲ့ ဗွီဒီယိုရဲ့ စရင်ရှော့ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Youtube linkArchive link

ဒီရုပ်သံဖိုင်မှာလေပြင်းတိုက်ခိုက်မှုကြောင့် အိမ်တွေပေါ်ကဖြတ်ပြီး အမှိုက်သရိုက်နဲ့ သဲ၊ဖုန်တွေ လွင့်နေတဲ့မြင်ကွင်းလည်းပါဝင်ပါတယ်။

အလားတူ တူညီတဲ့ရေးသားမျှဝေမှုကို ဖေ့စ်ဘွတ်ရဲ့ ဒီနေရာမှာလည်း တွေ့ရပြီး ၂၄ နာရီအတွင်း ဒီဗွီဒီယိုကို ကြည့်ရှူ့မှုပေါင်း ၈ သိန်းကျော်ရှိပါတယ်။

အချက်အလက်စိစစ်ချက်

ဗွီဒီယိုပါ ရုပ်သံမြင်ကွင်းဟာ ၂၀၂၃ ခုနှစ် ဧပြီ ၂၁ ရက် ညနေ ၆ နာရီဝန်းကျင်မှာ နေပြည်တော်၊ လယ်ဝေးမြို့နယ် က အောင်မြင်ကုန်းနဲ့ တံတာဦးမှာ လေဆင်နှာမောင်းတိုက်ခိုက်မှုဖြစ်စဉ်က ဖြစ်ပါတယ်။ မြန်မာနောင်း သတင်းဌာနကဖော်ပြထားတဲ့ သတင်းဗွီဒီယိုကို အောက်မှာကြည့်ပါ။

“လူ ၈ဦး သေဆုံးခဲ့သည့် နေပြည်တော် လယ်ဝေး လေပြင်းတိုက်ခတ်မှု”လို့ရေးသားထားပြီး ဒီတူညီတဲ့ မြင်ကွင်းဗွီဒီယိုအပြင် လေပြင်းတိုက်ခိုက်အပြီး အခြားသော အပျက်အစီးမြင်းကွင်းတွေလည်းပါဝင်ပါတယ်။

အိန္ဒိမိုးလေဝသဌာနခန့်မှန်းချက်အရ ဆိုက်ကလုန်းမုန်တိုင်းမိုခါဟာ မေ ၁၂ ရက်ဝန်းကျင်မှသာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားနယ်စပ်ဝန်းကျင်ကုန်းတွင်းပိုင်းကို ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ထို့အတူ နေပြည်တော် မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း မေ ၁၀ ရက်နေ့ မနက်ပိုင်းတိုင်းတာချက်ကို ခန့်မှန်းချက်ထုတ်ပြန်ထားရာမှာ မုန်တိုင်းငယ်ဟာ အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျက်ရှိပြီး မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီး ကျွန်းမြို့(Hainggyigyun) တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့(Sittwe) တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀)မိုင်ခန့်မှာရှိနေတယ်လို့ ဖော်ပြပါတယ်။

သုံးသပ်ချက်

ရန်ကုန်မှာ မုန်တိုင်းဝင်ရောက်နေပြီဆိုတဲ့ ဗွီဒီယိုဖိုင်ဟာ ဧပြီ ၂၁ က နေပြည်တော် လယ်ဝေးမှာ လူ ၈ ဦးသေဆုံးစေခဲ့တဲ့ လေဆင်နှာမောင်းတိုက်ခိုက်မှုဖြစ်စဉ်ကဖြစ်ပါတယ်။ လက်ရှိအချိန်အထိ ဆိုက်ကလုန်း မုန်တိုင်းဟာ ရန်ကုန်ကို ဝင်ရောက်မယ်ဆိုတဲ့ ခန့်မှန်းချက်မျိုးမရှိဘဲ မြန်မာ နဲ့ ဘင်္ဂလာဒေ့ရှ်ဘက်ကြား ကုန်တွင်းပိုင်းကို မေ ၁၂ မှာဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ပြောဆိုချက်- ရန်ကုန်မှာ မုန်တိုင်းဝင်ရောက်တဲ့ ဗွီဒီယို

Avatar

Title:Fact Check: ရန်ကုန်ကို မုန်တိုင်းစတိုက်နေတဲ့ ဗွီဒီယိုလား-မဟုတ်ပါ

Fact Check By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *