Fact Check: စက်ရုပ်မိန်းမ Elon Musk တီတွင်ထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိမလား-မဟုတ်ပါ

နိုင်ငံတကာ၊ | International

၂၀၂၃ ခုနှစ် စက်တင်ဘာလထဲမှာ  ၃ နာရီအားသွင်းရုံနဲ့ တစ်လသုံးလို့ရမယ့် စက်ရုပ်ဇနီးသည်ကို စွန့်ဦးတီထွင် လုပ်ငန်းနဲ့ နာမည်ကြီးတဲ့ ကမ္ဘာ့အချမ်းသာဆုံးသူဌေး အီလွန်မက်က ဈေးကွက်ကို ဖြန့်ဝေတော့မယ် ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။

အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ ဒီစာသားနဲ့ အတူ အီလွန်မက်က အမျိုးသမီးပုံ စက်ရုပ်အချို့နဲ့ အနမ်းပေးနေတဲ့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ “Elon Musk ၏ ကုမ္ပဏီ မှ လိင်ပိုင်းဆိုင် နှင့် အခြားလူသားတွေအတွက်အကျိုးပြုနိင်မယ့်စက်ရုပ် အမျိုးသမီးများကို မကြာခင်စျေးကွက်သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်  စက်ရုပ်များသည် အမြင့် ၅ပေ ၈ လက်မရှိပြီ အလေးချိန် ၁၂၅ ပေါင် လှုပ်ရှားမူအရှိန် တစ်နာရီ ၅ မိုင်နှုန်းထိရှိပါတယ်။”စသဖြင့် ရေးသားထားပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာမှာလည်း ရေးသားထားပါတယ်။

မူရင်းလင်ခ့် – Fb link  | Archive link

အခြားသော ဖြန့်ဝေမှုအားကောင်းခဲ့တဲ့ ပြောဆိုချက်တစ်ခုကတော့  ဒီစက်ရုပ်ဇနီးသည်ကို ဈေးကွက်အတွင်း ဖြန့်ချိနိုင်မယ့် အဆင့်ကို ရောက်ရှိနေပြီး ၂၀၂၃ ခုနှစ်စက်တင်ဘာမှာ ဈေးကွင်းအတွင်းကို စတင်ဖြန့်ချိမယ် လို့လည်းဖော်ပြပါရှိပါတယ်။

“ဘီလျှံနာကြီး အီလွန်မတ်စ်

တို့ကုမ္ပဏီ ဟာ #စက်ရုပ်ဇနီး

တွေ တီထွင်နေတာ..နောက်ဆုံး

အဆင့်ကို ရောက်ရှိနေပါပြီး

2023 စက်တင်္ဘါလ မှာ

စျေးကွက် စဖြန့် မှာပါ။

၃ နာရီလောက် battery အား

သွင်းထားလိုက်တာနဲ့ တလလုံး

အသုံးပြုလို့ရပါတယ်။

Wns”

မူရင်းလင်ခ့် – Fb link  | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။ ထို့အပြင် ဒီသတင်းဟာ မဟုတ်ကြောင်း အချက်အလက်စိစစ်တဲ့အဖွဲ့အစည်းတွေက အချက်အလက်စိစစ် ဖော်ပြပြီး ဖြစ်ပါတယ်။ သီရီလင်္ကာနိုင်ငံမှာလည်း ဒီလိုအလားတူပြောဆိုချက်မျိုး ပျံ့နှံ့ခဲ့ပြီး Fact Crescendo Srilanka က အချက်အလက်စိစစ်ထားတာ ဒီလင့်ခ်မှာကြည့်ပါ။

စာသားနဲ့အတူ ပျံ့နှံ့ခဲ့တဲ့ အီလွန်မက်က အမျိုးသမီးပုံ စက်ရုပ်အချို့နဲ့ အနမ်းချွေနေတဲ့ ဓာတ်ပုံတွေဟာ ဉာဏ်ရည်တု(AI)နည်းပညာအသုံးပြုပြီး ပုံဖော်ထားခြင်းဖြစ်တာတွေ့ရပါတယ်။ ပျံ့နှံ့ခဲ့တဲ့ ဓာတ်ပုံတွေကို Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေကြည့်မယ်ဆိုရင် ကမ္ဘာကျော် နာမည်ကြီးသူတွေအကြောင်း AI အသုံးပြုဖန်တီး လေ့ရှိတဲ့ “Guerrero Art”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူက ဒီဓာတ်ပုံကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့  Instagram မှာအကောင့်ဖြစ်တဲ့ “art_is_2_inspire”မှာ ဒီဓာတ်ပုံတွေကို တွေ့နိုင်ပါတယ်။

သူဟာ AI နည်းပညာအသုံးပြုပြီး စက်ရုပ်ကို လူသားကအနမ်း‌ပေးပုံကို ဖန်တီးရာမှာ အီလွန်မက်ပုံတင် မဟုတ်ဘဲ ဖေ့စ်ဘွတ်တည်ထောင်သူ မာခ်ဇူကာဘတ်က အနမ်းပေးနေဟန်လည်း ပြုလုပ်ခဲ့သေးတယ်။ အမေရိကန် သမ္မတ အိုဘားမားက ကိုယ်ဝန်ဆောင်ထားတဲ့ ဇနီးသည် မီချယ်အိုဘားမားကို နမ်းနေပုံ၊ ပုပ်ရဟန်းမင်းကြီး မိုးကာအင်္ကျီနဲ့ ပုံတွေကိုလည်း သူ ဖန်တီးခဲ့ပါသေးတယ်။

အခုပျံ့နှံ့နေတဲ့ သတင်းနဲ့ပတ်သက်လို့ အီလွန်မက်အပါအဝင် ကုမ္ပဏီက ငြင်းဆိုတာမျိုးမလုပ်ပါဘူး။ သို့‌သော် လည်း အီလွန်မက်ပိုင် telsa ကုမ္ပဏီရဲ့ AI & Robotics နည်းပညာနဲ့ပတ်သတ်ပြီး ဆောင်ရွက်နေတဲ့ ဆောင်ရွက် ချက်ဖော်ပြရာမှာ ကုမ္ပဏီဟာ လူသားတွေအတွက် ငြီးငွေ့ဖွယ်ထပ်ခါတလဲ လုပ်ရတဲ့ အလုပ်တွေနဲ့ ဘေးကင်း လုံခြုံမှုမရှိတဲ့ အလုပ်တွေမှာ လူတွေအစားလုပ်ဖို့ စက်ရုပ်တွေကို ဖန်တီးနေတယ်လို့ ရေးသားထားပါတယ်။ Telsa အနေနဲ့ တစ်ချို့သောနေရာတွေမှာ  လူတွေကို အစားထိုးနိုင်မယ့် စက်ရုပ်တွေကို ဒေါ်လာ ၂ သောင်းဝန်းကျင် လောက်နဲ့ အမြောက်အများထုတ်လုပ်ဖို့ရှိတယ်ဆိုပြီးတော့ ၂၀၂၂ ခုနှစ်ထဲမှာက တည်းက ကြေညာခဲ့ပါတယ်။ ထို့အပြင် အခုသတင်းဟာ မေလ ၁၇ ရက်က ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပွဲမှာ စက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်ကို ထုတ်ဖော်ပြသခဲ့နောက်မှာ အခုလိုပေါ်ထွက်လာခြင်းဖြစ်တယ်။ သို့သော်လည်း ဒီပြပွဲမှာတော့ အမျိုးသမီးစက်ရုပ် အကြောင်းတော့ မပါဝင်ပါဘူး။ ဒီလင့်ခ်မှာကြည့်ပါ။

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ အီလွန်မက်က အမျိုးသမီးစက်ရုပ်ကို နမ်းနေတဲ့ ပုံဟာ AI နည်းပညာ အသုံးပြုဖန်တီးထားခြင်းဖြစ်ပါတယ်။ အီလွန်မက်ပိုင် Telsa ကုမ္ပဏီက ဇနီးသည်တွေနေရာကို အစားထိုးမယ့် စက်ရုံကို တီထွင်လိုက်ပြီး ၂၀၂၃ ခုနစ် စက်တင်ဘာမှာ ဈေးကွက်အတွင်းဖြန့်မယ်ဆိုတာဟာ လည်း အထောက်အထားမရှိပါဘူး။ပြောဆိုချက်- ၃ နာရီအားသွင်းရုံနဲ့ တစ်လသုံးလို့ရမယ့် စက်ရုပ်ဇနီးသည်တွေကို အီလွန်မက်က စက်တင်ဘာမှာ ဖြန့်ချိမယ်

Avatar

Title:Fact Check: စက်ရုပ်မိန်းမ Elon Musk တီတွင်ထုတ်လုပ်ပြီး ဈေးကွက်ကို ဖြန့်ချိမလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *