Fact Check: မုန်တိုင်းသတင်းတင်ဆက်သူ ဂျပန်အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုက AI နဲ့ ဖန်တီးထားခြင်းဖြစ်တယ်

False လူမှုရေး

မုန်တိုင်းသတင်းရိုက်ကူးစဉ် ဂျပန်သတင်းတင်ဆက်သူ အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုတခု လူမှုကွန်ယက်မှာ ပျံ့နှံ့မှု အားကောင်းခဲ့တာ တွေ့ရတယ်။ ဒါပေမဲ့လည်း တကယ်တော့ ဗွီဒီယိုဟာ ဉာဏ်ရည်တု နည်းပညာ(AI)အသုံးပြုဖန်တီးထားတာဖြစ်ပြီး အပြင်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာတော့ မဟုတ်ပါဘူး။

မေ ၃၁ ရက်ကနေ ဇွန် ၃ ရက်အတွင်း ဂျပန်နိုင်ငံ အိုကီနာဝါ(Okinawa)၊ အမမီ(Amami)၊ ကျူးရှုး(Kyushu) ကျွန်းစုတွေ အနီးကနေ တိုင်ဖုန်း ဂျန့်မီ(Jangmi) ဖြတ်သန်းသွားခဲ့ပါတယ်။

ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းခဲ့တဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဇွန် ၃ ရက်မှာ မျှဝေထားတဲ့ ဒီဗွီဒီယိုဟာ ပြန်လည်မျှဝေမှုပေါင်း ၈၀၀၀ နီးပါးနဲ့ ကြည့်ရှု့မှု ၅ သန်းကျော်ရရှိထားတယ်။ 

တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်းတွေ့ရတယ်။

“နင်တို့တွေ ရေးတုန်းက မယုံဘူး။သူလေးပြောမှဘဲ ဂျပန်မှာ တိုင်ဖုန်း ဖြစ်နေတာ ယုံတော့တယ်🤌

ဂျပန်စာလေး မတောက်တခေါက်တတ်၊ translate လေးသုံးပြီး သတင်းရေးတယ်ဆိုတာလူတိုင်းတက်တယ်။သတင်းဆိုတာ အခုလိုမျိုး fact ကျကျ ဖော်ပြရတယ်😌

#zarnikoreanwave”

Original link | Archive link

အချက်အလက်စိစစ်ချက်

ဒီလိုပြောဆိုဖြန့်ဝေထားတဲ့ ဗွီဒီယိုပါ မြင်ကွင်းတွေကို လေ့လာကြည့်မယ်ဆိုရင် နောက်ခံမြင်ကွင်းက ဝေဝါးနေသလောက် သတင်းတင်ဆက်သူဟာ ထင်ရှားလွန်းနေတာ၊ စကပ်အတွင်းခံဘောင်းဘီထဲမှာ စကပ်လှန်လောက်အောင် လေတိုက်နေသလောက် ဆံပင်ကလှုပ်ရှား မှုနည်းနေတာ စတဲ့ သံသယဖြစ်ဖွယ် အချက်တချို့တွေ့ရပါတယ်။ 

ပထမဆုံး ဗွီဒီယိုကို ဓာတ်ပုံပြကွက်များအဖြစ်ပြောင်းလဲပြီး အဓိကကျတဲ့ ဓာတ်ပုံပြကွက်တွေကို ခွဲခြမ်းစိတ်ဖြာ ကြည့်ရာမှာ သတင်းတင်ဆက်သူအမျိုးသမီးရဲ့ အပြင်စကပ်ကနေ အတွင်းက အတွင်းခံစကပ်တထပ်ကို လှမ်းမြင်နေရတာကနေ အပြင်စကပ်လှန်သွားချိန်မျာ အတွင်းခံစကပ်တထပ် မပါတော့တာတွေ့ရပါတယ်။

AI နဲ့ ဖန်တီးထားတဲ့ ဗွီဒီယိုတွေကို အမှန်တကယ်ရိုက်ကူးထားတဲ့ ဗွီဒီယိုတွေကနေ ခွဲခြားစိတ်ဖြာနိုင်တဲ့ Hivemoderation ပလက်‌ဖောင်းကို အသုံးပြု စစ်ဆေးကြည့်ရာမှာ ဗွီဒီယိုတခုလုံးမှာ ၄၅ ရာခိုင်နှုန်းဝန်းကျင်ကို AI နဲ့ဖန်တီးထားနိုင်ခြေရှိပြီး ဗွီဒီယိုပါ တချို့သော အစိတ်အပိုင်းတွေမှာ AI နဲ့ဖန်တီးထားနိုင်ခြေ ၉၀ ရာခိုင်နှုန်းကျော် အထိရှိတာတွေ့ရပါတယ်။ 

ဒီလိုပဲ ဒီသတင်းတင်ဆက်ခဲ့တယ်လို့ ဆိုလိုထားတဲ့ ဂျပန်သတင်းဌာန “ZテレNEWS”(Z Tere NEWS) ကို ဂျပန်စကားလုံးတချို့အသုံးပြုပြီး ရလာဒ်တွေကို ရှာဖွေကြည့်ရာမှာလည်း ဒီနာမည်နဲ့ သတင်းဌာနရယ်လို့ မရှိတာတွေ့ရပါတယ်။ 

သုံးသပ်ချက်

မုန်တိုင်းသတင်းရိုက်ကူးစဉ် ဂျပန်သတင်းတင်ဆက်သူ အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုဟာ အပြင်မှာ တကယ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တခုမဟုတ်ပါဘူး။ ဗွီဒီယိုဟာ ဉာဏ်ရည်တုနည်းပညာတခုခုကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဗွီဒီယိုသာဖြစ်တယ်။ အခုပြောဆိုမျှဝေနေတဲ့ ဗွီဒီယိုမှာပါတဲ့ Zテレ အမည်နဲ့ သတင်းဌာနလည်း ဂျပန်မှာ မရှိပါဘူး။

Result Stamp

Title: Fact Check: မုန်တိုင်းသတင်းတင်ဆက်သူ ဂျပန်အမျိုးသမီးတစ်ဦး စကပ်လှန်သွားတဲ့ ဗွီဒီယိုက AI နဲ့ ဖန်တီးထားခြင်းဖြစ်တယ်

Fact Check By: နေရာမောင်

Result: Missing Context


Leave a Reply

Your email address will not be published. Required fields are marked *