အမေရိကန် သံရုံးအရာရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူမယ်လိုက်ပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့ချန်နယ်တခုက မျှဝေထားတာမှာ ပျံ့နှံ့မှု အားကောင်း နေတယ်။ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုသာဖြစ်တယ်။ လတ်ရှိအချိန်အထိ အမေရိကန်သံရုံလုံခြုံရေးအရာရှိ သေဆုံးမှုနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က မည်သူမည်ဝါဆိုတာကို အပြစ်ထုတ်ဖော်ပြောဆိုထားခြင်းမရှိပါဘူး။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“အမေရိကန် သံရုံးအရာရှိ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက် ၊ မင်းအောင်လှိုင်ကို ဆင့်ခေါ်ပြီ” (မူရင်းအရေးအသား)

အချက်အလက်စိစစ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Yangon Khit Thit ”ယူကျူ့ချန်နယ်ဟာ သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာ တချို့မှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေနဲ့ လုပ်ကြံရေးသားပြောဆိုမှုတွေကို ရောနှောဖြန့်ချိလေ့ ရှိပါတယ်။ ဒီချန်နယ်က သတင်းတု ဖြန့်ဝေမှုတွေကို Fact Crescendo Myanmar က အချက်အလက်စိစစ် ဖော်ပြခဲ့တဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုအစမှပြသတဲ့ရုပ်ကတ်မှာ အမေရိကန် သံရုံးအရာရှိကို ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို ဆင့်ခေါ်လိုက်ပြီလို့ ဆိုထားပေမဲ့ ဒီသတင်းကို ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တခုတလေမျှ ရေးသားဖော်ပြချက် မရှိပါဘူး။
တကယ်တမ်းမှာ ရန်ကုန်ရှိ အမေရိကန်သံရုံးဝန်ထမ်းတစ်ဦး သေဆုံးမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက AP သတင်းဌာနကကို အတည်ပြုထားပေမဲ့ နောက်ထပ် စွပ်စွဲပြောဆိုတာမျိုးနဲ့ သတင်းထပ်မံထုတ်ပြန်တာမျိုးမရှိပါဘူး။ ရန်ကုန်ရဲတပ်ဖွဲ့က ဒီအမှုကို လူသတ်မှုအဖြစ် ယူဆပြီး စုံစမ်းစစ်ဆေးနေကာ လောလောဆယ်တွင် ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဒီအမှုမှာ သေဆုံးသူရဲ့ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးကို ထိန်းသိမ်းထားပေမဲ့ နောက်ထပ် ရဲတပ်ဖွဲ့က ထပ်မံထုတ်လွှင့်တဲ့ သတင်းမှာတော့ ဒီသံအရာရှိဟာ ကိုယ်တိုင်သတ်သေမှုအဖြစ် ပုံဖော်ထားတယ်။
သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ်ဗွီဒီယိုတွေ ဒါမှမဟုတ် လုပ်ကြံရေးသား ပြောချက်တွေ ရောနှောဖြန့်ချိတဲ့နေရာဖြစ်တယ်။ အမေရိကန် သံရုံးအရာရှိ စစ်တပ်လက်အောက်ခံ ပျူစောထီးတွေ သတ်ဖြတ်လို့ သမ္မတ ထရမ့် ဒေါသထွက်ပြီး မင်းအောင်လှိုင်ကို အရေးယူမယ်ဆိုတာ သတင်းတုသာဖြစ်တယ်။ အမေရိကန်ဘက်က ဒီအမှုနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ထုတ်ပြန်ပြောဆိုချက် မရှိသေးပါဘူး။

