အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ရဲ့ သမ္မတဖြစ်သူကို စစ်တပ်က ဖမ်းဆီးလိုက်ပြီး NUG ရုံးချုပ်ကိုလည်း လေယာဉ် ၈ စီးနဲ့ ဗုံးကြဲခံရတာကြောင့် ပြည်ထောင်စု အစိုးရရုံးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုး သေဆုံးခဲ့တယ် လို့ဆိုထားတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ပျံ့နှံ့မှုအားကောင်း နေတယ်။ သတင်းတု ဖြန့်ချိ နေခြင်းဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“ဒီတိုင်းဆို တော်လှန်ရေး ရှုံးပြီဟာ NUG သမ္မတ ကို အရှင် ဖမ်းပြီး NUG ရုံးချုပ် ကို လေယာဉ်(၈)စီး နဲ့ ဗုံးကြဲလို့ ဇော်ဝေစိုး သေပါပြီ”

အချက်အလက်စိစစ်ချက်
သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာ NUG သမ္မတအဖမ်းခံရတဲ့ ကိစ္စဖြစ်စေ NUG ရုံးချုပ် ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စေ၊ ပြည်ထောင်စုအစိုးရရုံးဝန်ကြီး ဒေါက်တာဇော်ဝေစိုး သေဆုံးမှုဖြစ်စေ ဖော်ပြချက်မတွေ့ရပါဘူး။ “The Daily Lens”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ချိတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ရောနှော ဖြန့်ဝေတာတွေ ပြုလုပ်တဲ့နေရာဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏဖော်ပြခဲ့ပြီးဖြစ်တယ်။
အခုလည်း သသတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုထဲမှာ တကယ်တမ်းပါဝင်တဲ့အကြောင်းအရာတွေဟာ “စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆူးလေကုန်းကျေးရွာကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲ”၊ “မတ်လ ၃၀ မှာ စစ်ဦးစီးချုပ် ရာထူးက အနားယူပြီးနောက် လွှတ်တော်က ရွေးတဲ့ သမ္မတအဖြစ်လာဖို့ရှိတဲ့ မင်းအောင်လှိုင်ဟာ လွှတ်တော်မှာ အတည်မပြုရသေးပေမဲ့ မိသားစုလိုက် သမ္မတ အိမ်တော်ကို ပြောင်းရွှေ့နေပြီဖြစ်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ထားတယ်။

သုံးသပ်ချက်
ကနီမြို့ ဆူးလေကုန် ဘုန်ကြီးကျောင်းနဲ့ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တာကြောင့် လူအများအပြား ထိခိုက်သေဆုံးခဲ့တယ်ပါတယ်။ ဒါပေမဲ့ NUG သမ္မတကို စစ်တပ်က ဖမ်းလိုက်ပြီးဆိုတာဖြစ်စေ ဒီတိုက်ခိုက်ခံရတဲ့ နေရာဟာ NUG ရုံးချုပ်ဖြစ်တယ်ဆိုတာဖြစ်စေ၊ ဗုံးကြဲခံရမှုမှာ ဒေါက်တာဇော်ဝေစိုး သေဆုံးတယ်ဆိုတာဖြစ်စေ အထောက်အထားမရှိဘဲ သတင်းတုဖြန့်ချိနေခြင်းဖြစ်တာတွေ့ရတယ်။

