
စစ်ကိုင်း ကောင်းမှုတော်ဘုရားက အလှူရှင်တစ်ဦးထုလုပ်လှူဒါန်းထားတဲ့ စည်တော်ကြီးဟာ အင်ဒို/ပသီအောက် လမ်းနည်းနဲ့ ယတြာချေထားတာကြောင့် စစ်ကိုင်းတိုင်းမှာ သေကြေပျက်စီးမှုတွေဖြစ်ရတယ်လို့ ရေးသား ထားတာတဲ့ ဝါဒဖြန့်သတင်းမှားပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။
စစ်ကိုင်းကောင်းမှုတော်ဘုရားကနေ စစ်တပ်က ဒီစည်တော်ကြီးကို ဖယ်ရှားတော့မယ့်အချိန်နဲ့ အခုလို ရေးသားထားတဲ့ ပို့စ်တွေဟာ ချိန်ကိုက်ပျံ့နှံ့လာတာပဲဖြစ်ပါတယ်။
စည်တော်ကြီးဓာတ်ပုံနဲ့အတူ အောက်ပါစာသားတွေကတော့ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့ခဲ့တဲ့ ပို့စ်ပါ ကောက်နှုတ်ချက် စာသားပဲဖြစ်ပါတယ်။
“#စစ်ကိုင်းတိုင်းဒုက္ခရောက်ရခြင်းတရားခံ ယခု စစ်ကိုင်းတိုင်းက အရင်စစ်ကိုင်းတိုင်း နဲ့ မတူတော့ပဲ၊ စစ်ကိုင်းတိုင်းနယ်ခံရဟန်း ရှင်လူပြည်သူတွေသေကြေပျက်စီးကြနေတာမျက်မြင်ကိုယ်တွေ့ပါပဲ။အပြစ်မဲ့သံဃာ (၁၇)ပါးလည်းအကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် သင်္ချိုင်းက ကုက္ကိုရ်သားနဲ့စည်ထွင်းပြီး ကောင်းမှုတော်ဘုရားကြီးရဲ့အင်္ဂါထောင့်မှာ အင်ဒို/ပသီအောက်လမ်းနည်း(Black Magic)ဖြင့်ယတြာချေတဲ့အနေနဲ့လှူဒါန်းခဲ့ပါတယ်။” စသည်ဖြင့် ရေးသားပြီး မျှဝေထားပါတယ်။ ထို့အပြင် “အဲဒီ အချိန်တုံးက အတွင်းသိနေတဲ့ ရဟန်း သံဃာအရှင်မြတ်အချို့နဲ့ တတ်သိ နားလည်တဲ့လူကြီးသူမတွေက အထွတ်အမြတ်ထားတဲ့စစ်ကိုင်းမြို့ဂုဏ်ဆောင် ကောင်းမှုတော် ဘုရားကြီးမှာ ဒီလို သုဿန်က သစ်နဲ့တော့ မလုပ်ကောင်းဖူးလို့ဝိုင်းဝန်းကန့်ကွက်တားဆီးခဲ့ကြပါတယ်။ဒါပေမဲ့ နားမထောင်ကြဘဲ ဇွတ်အတင်းပြုလုပ်ခဲ့ပါတယ်။ယခုတော့အဲဒီအကျိုးဆက်ကိုစစ်ကိုင်းတိုင်းတစ်ခုလုံးခံစားနေရပါပြီ။”စသည်ဖြင့်လည်း ရေးသားထားပါတယ်။
စစ်ကိုင်းတိုင်းမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေကို စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်ပြီး အိမ်တွေမီးရှို့ ဖျက်ဆီးတာ၊ သတ်ဖြတ်တဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်နေပါတယ်။ (ဒီသတင်း၊ ဒီသတင်းနဲ့ ဒီသတင်းမှာကြည့်ပါ)
တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ မှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
အချက်အလက်စိစစ်ကြည့်ရအောင်ပါ။
အချက်အလက်စိစစ်ချက်
Google မှာ အဓိကကျတဲ့ စကားလုံးအသုံးပြုရှာဖွေကြည့်ရာမှာ ဒီစည်တော်ကြီးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ပါတီအစိုးရလက်ထက်မှာ အလှူရှင်တစ်ဦးက ထုလုပ်လှူဒါန်းခဲ့တဲ့ မြန်မာနိုင်ငံမှာ အကြီးဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တဲ့ စည်တော်ကြီးတစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာအများအပြားမှာလည်း ဒီစည်တော်ကြီးနဲ့ ပတ်သက်ပြီး သတင်းဖော်ပြခဲ့တာတွေ့ရပါတယ်။
ပျံ့နှံ့ခဲ့တဲ့ပို့စ်ပါစာသားကောက်နှုတ်ချက်ဖြစ်တဲ့ “အဲဒီ အချိန်တုံးက အတွင်းသိနေတဲ့ ရဟန်း သံဃာအရှင်မြတ် အချို့နဲ့ တတ်သိ နားလည်တဲ့လူကြီးသူမတွေက အထွတ်အမြတ်ထားတဲ့စစ်ကိုင်းမြို့ဂုဏ်ဆောင် ကောင်းမှုတော် ဘုရားကြီးမှာ ဒီလို သုဿန်က သစ်နဲ့တော့ မလုပ်ကောင်းဖူးလို့ဝိုင်းဝန်းကန့်ကွက်တားဆီးခဲ့ကြပါတယ်။ဒါပေမဲ့ နားမထောင်ကြဘဲဇွတ်အတင်းပြုလုပ်ခဲ့ပါတယ်။ယခုတော့အဲဒီအကျိုးဆက်ကိုစစ်ကိုင်းတိုင်းတစ်ခုလုံးခံစားနေရပါပြီ။”စတဲ့ ရေးသားချက်ဟာ အထောက်အထားကင်းမဲ့ပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဝေဖန်ပြောဆိုခြင်းမရှိဘဲ စစ်တပ်နဲ့ နီးစပ်တယ်လို့ ဝေဖန်ခံနေရတဲ့ သီတဂူဆရာတော်က ဒီစည်တော်ကြီးနဲ့ ပတ်သက်ပြီး ထို့အချိန် အောက်ပါအတိုင်း မှတ်ချက်ပြုပါတယ်။ ဧရာဝတီသတင်းဌာနရဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်စွဲနဲ့ သတင်းပါ Screenshot ဖြစ်ပါတယ်။

မူရင်းလင်ခ့် – Irrawaddy Burmese | Archive link
ထို့အပြင် ဒီသတင်းမှာပဲ “စည်တော်အတွင်းပိုင်း၌ ဘုရားဟော တရားဒေသနာတော်နှင့် ဂါထာတော်များ၊ ဗာမဲ့ဆရာတော်၏ ဂါထာတော်နှင့် လောကီအစီအမံများ၊ စည်တော်အပြင်တွင် ဗုဒ္ဓဘုရားရှင်၏ ၁၀၈ ကွက်သော ခြေတော်ရာ စက်လက္ခဏာအား နတ်သားများ ပူဇော်နေသည့်ပုံကို ထည့်သွင်း၍ ထုလုပ်ထားကြောင်း သိရသည်။”လို့ရေးသားထားပါတယ်။
နောက်ထပ် “#စစ်ကိုင်းတိုင်းဒုက္ခရောက်ရခြင်းတရားခံ ယခု စစ်ကိုင်းတိုင်းက အရင်စစ်ကိုင်းတိုင်း နဲ့ မတူတော့ပဲ၊ စစ်ကိုင်းတိုင်းနယ်ခံရဟန်း ရှင်လူပြည်သူတွေသေကြေပျက်စီးကြနေတာမျက်မြင်ကိုယ်တွေ့ပါပဲ။အပြစ်မဲ့သံဃာ (၁၇)ပါးလည်းအကြမ်းဖက်သတ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။ ယခင်အစိုးရလက်ထက်က စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်ကိုယ်တိုင် သင်္ချိုင်းက ကုက္ကိုရ်သားနဲ့စည်ထွင်းပြီး ကောင်းမှုတော်ဘုရားကြီးရဲ့အင်္ဂါထောင့်မှာ အင်ဒို/ပသီအောက်လမ်းနည်း(Black Magic)ဖြင့်ယတြာချေတဲ့အနေနဲ့လှူဒါန်းခဲ့ပါတယ်။”ဆိုတဲ့ ရေးသားချက်ကလည်း အထောက်အထားမဲ့တာတွေ့ရပါတယ်။
မြန်မာတိုင်းမ်သတင်းဌာနက ၂၀၁၉ ခုနှစ် မတ် ၂၀ မှာရေးသားခဲ့တဲ့ စည်တော်ကြီးနဲ့ပတ်သက်ပြီး အလှူရှင်ဘက်က စတင်ဖြစ်ပေါ်ခဲ့တဲ့စိတ်နေစိတ်ထားနဲ့ ပိုမိုအသေးစိတ်ဖော်ပြချက်ကိုလည်းတွေ့ရပါတယ်။
သင်္ချိုင်းမှ အုတ်ဂူဖွေးဖွေးများအကြားမှာ ကြီးမားတဲ့ ကုက္ကိုပင်ကြီး ပြိုလဲနေတာကို ကြည့်ရင်း မွေးဖွားသေတရား သံဝေဂရပြီး သံသရာဝဋ်မှချုပ်ငြိမ်းချင်းတရားအကြောင်းတွေးမိရင် ဒီလို ထုလုပ်လှူဒါန်းဖြစ်တယ်လို့ စည်တော်ထု လုပ်လှူဒါန်းသူ ဦးကျော်ညွှန့်က ပြောခဲ့တာတွေ့ရပါတယ်။

မူရင်းလင်ခ့် – Myanmar Times | Archive link
သုံးသပ်ချက်
ကောင်းမှုတော်ဘုရားဝင်းအတွင်းကနေ ဒီစည်တော်ကြီးကို အဲဒီအချိန်က အခုလို လှူဒါန်းလို့ လူသိရှင်ကြား ကန့်ကွက်မှု တစ်စုံတစ်ရာမတွေ့ရှိရပါဘူး။ ထို့အပြင် စည်တော်ကြီးမှာပါတဲ့ ပုံတွေအရဖြစ်စေ ကာယကံရှင်ရဲ့ ပြောကြားချက် အရဖြစ်စေ အောက်လမ်းနည်းနဲ့ ထိခိုက်အောင်ထုတ်လုပ်လှူဒါန်းမှုဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။

Title:Fact Check: စစ်ကိုင်း ကောင်းမှုတော်ဘုရားက စည်တော်ကြီး စစ်တပ်ကရွှေ့ပြောင်းမှုနဲ့ ပတ်သက်တဲ့ ဝါဒဖြန့်သတင်းမှား
Fact Check By: Nayar MaungResult: Misleading