
လေးကော့ကော်မှာ စစ်ကားကို မိုင်းခွဲတိုက်ခိုက်ခံရပြီး တစ်စစီဖြစ်သွားတဲ့ဓာတ်ပုံဆိုပြီးတော့ ဖေ့စ်ဘွတ် အသုံးပြသူ ရာဂဏန်းက မျှဝေလျှက်ရှိပါတယ်။ ဓာတ်ပုံထဲမှာ လမ်းမထက်မှာ ပြင်းထန်စွာပေါက်ကွဲပြီးနောက် ကားဘီးတွေသာကျန်ရစ်ပြီး တစ်စစီဖြစ်နေတဲ့ စစ်ကားတစ်စီးလို့ယူဆရတဲ့ မြင်ကွင်းပါဝင်ပါတယ်။
သို့သော် ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်း အင်တာနက်မှာ ပျံ့နှံလျှက်ရှိတာတွေ့ရပြီး မြန်မာနိုင်ငံနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ မြန်မာနိုင်ငံအရှေ့တောင်ဘက်ပိုင်း ကရင်ပြည်နယ်ထဲက ထိုင်း-မြန်မာနယ်စပ်အနီး လေးကော့ကော်မြို့သစ်မှာ စစ်တပ်နဲ့ ကရင်လက်နက်ကိုင်ပူးပေါင်းအဖွဲ့တွေ တိုက်ပွဲဖြစ်နေတာရှိပါတယ်။
ဒီလိုအခြေအနေမှာ ဒီဓာတ်ပုံက ပျံ့နှံ့လာခြင်းဖြစ်ပါတယ်။
“နွေဦး တော်လှန်ရေး”အမည်နဲ့ဖေ့စ်ဘွတ်အသုံးပြုသူက “မနေ့ ညနေက/
လေးကော့ကော်-အာရှလမ်းတွင်….
စခ-ခလရ(၂၇၅)မှ ကားကို
ထိထိမိမိ မိုင်းဆွဲရာ မုန့်ဟင်းခါးများ တစစီ အရည်ပျော်သွား..
အသားစများ ရှာမရ..🤪
Dec-17″လို့ရေးသားထားပြီး အောက်ပါအတိုင်းမျှဝေထားပါတယ်။
အလားတူရေးသားမျှဝေမှုတွေကို ဒီနေရာ၊ဒီနေရာ၊ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link
Google မှာ ပုံရှာနည်းအသုံးပြုရှာဖွေရာမှာ ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်ကတည်းက ပျံ့နှံ့လျက်ရှိတာ အောက်ပါ အတိုင်းတွေ့ရပါတယ်။

ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Thai PBS သတင်းဌာနက၂၀၁၃ ခုနှစ် ဇွန် ၂၉ ရက်စွဲနဲ့ဖော်ပြထားတဲ့ သတင်း တစ်ခုမှာ ဒီတူညီတဲ့ ဓာတ်ပုံကို အစောဆုံး အသုံးပြုထားတွေ့ရှိရပါတယ်။ မူရင်းထိုင်းဘာသာနဲ့ရေးသားထားတဲ့ သတင်းကို Google Translate အသုံးပြုပြီး ဘာသာပြန်ဆိုကြည့်ရာမှာ ထိုင်းနိုင်ငံတောင်ပိုင်း ယာလာ(Yala)ပြည်နယ် ခရောင်ပင်နန်(Krong Pinang) ခရိုင်ထဲမှာ စစ်ကားတစ်စီးကို ဗုံးခွဲခံရမှုနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က စုံစမ်းနေတယ်ဆိုတဲ့ သတင်းဖြစ်တာ တွေ့ရပါတယ်။ ဒီလင့်ခ်မှာလည်းကြည့်နိုင်ပါတယ်။ ယာလာပြည်နယ်ဟာ ထိုင်းနိုင်ငံရဲ့တောင်ဘက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။

မူရင်းလင်ခ့် – ThaiPBS | Archive link
သုံးသပ်ချက်
အထက်ပါအချက်အလက်တွေအရ ကားဘီးတွေ တစ်စစီဖြစ်နေတဲ့ ဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်အတွင်းက ဖောက်ခွဲခံ လိုက်ရတဲ့ ထိုင်းစစ်တပ်က စစ်ကားတစ်စီးပုံဖြစ်ပါတယ်။

Title:ဒီဓာတ်ပုံက ၂၀၁၃ ခုနှစ်က ထိုင်းစစ်ကားတစ်စီး ဖောက်ခွဲဖျက်ဆီးခံရမှု ဓာတ်ပုံသာဖြစ်တယ်
Fact Check By: Nayar MaungResult: False