Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု

Misleading နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်လို့ စစ်တပ်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာ ပြောတယ် ဆိုတဲ့အကြောင်းအရာဟာ ဖေ့စ်ဘွတ်မှာပျံ့နှံ့မှုအားကောင်းခဲ့ပါတယ်။

ဒီဇင်ဘာလ ၁၅ ရက်က ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ထဲမှာ“ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် ငြိမ်းချမ်းအောင် ပြန်လုပ်ပေးပါက စွဲချက်တင်ထားသည့် အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမည်၊ နိုင်ငံတော်အေးချမ်းအောင် ပြန်လုပ်ပေးခြင်းသည် ကုသိုလ်လည်းရပါသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်ချုပ်ဇော်မင်းထွန်းပြောကြား” လို့ ရေးသားလျှက် “Revolution News”အမည်နဲ့ဖေ့စ်ဘွတ်စာမျက်နှာက အောက်ပါအတိုင်းမျှဝေထားရာမှာ ဒီပို့စ်ကို ပြန်လည်မျှဝေမှုအကြိမ်အရေအတွက် ၃၄၀၀ ရှိပါတယ်။ တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာဒီနေရာဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb linkArchive link 

အချက်အလက်စိစစ်ချက်

နိုင်ငံတော် အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေ လျှော့ပေးမယ်ဆိုတာနဲ့ပတ်သက်ပြီး သတင်းမီဒီယာ လုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ သတင်းဌာနတွေမှာမှ ထုတ်ဖော်ရေးသားထားခြင်းမရှိပါဘူး။ စစ်တပ်ရဲ့ သတင်း အချက်အလက်ထုတ်ပြန်ရာဝက်ဘ်ဆိုဒ်မှာလည်းဖော်ပြချက်မတွေ့ရပါဘူး။

ထို့အတူ ဒီဇင်ဘာ ဒုတိယအပတ်အထဲမှာ စစ်တပ်က သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတဲ့ အထောက်အထား မျိုးလည်းမတွေ့ရပါဘူး။

သို့သော် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၁၃ ရက်က စစ်ကောင်စီရဲ့ အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်အမည်နာမသုံးပြီး ပြောဆိုခဲ့တာရှိတယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ဟာ သူတို့ရဲ့ ရှေ့နေတွေနဲ့ လွတ်လပ်စွာ တွေ့ခွင့်ပေးထား တာကြောင့် ရှေ့နေတွေကနေတဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်တွေ အကြမ်းဖက်ကိစ္စတွေနဲ့ CRPH၊ NUG အဖွဲ့တွေ ဖွဲ့စည်းတာကို သိရှိပြီးဖြစ်တယ်လို့ ယူဆတယ်လို့ သူက ပြောကြောင်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

မူရင်းလင်ခ့် – Irrawaddy | Archive link

ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုစွဲဆိုထားတဲ့အမှုပေါင်းဟာ ၁၂ မှုရှိပြီဖြစ်တယ်လို့ The Voice of Myanmar သတင်းဌာနက နိုဝင်ဘာ ၃၀ ရက်က ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇင်ဘာလအတွင်းမှာ နောက်ထပ် ထပ်မံစွဲချက်တင်လိုက်တယ်ဆိုတဲ့ သတင်းမျိုးမတွေ့ရသလို စုစုပေါင်း အမှု ၁၇ မှုနဲ့စွဲချက်တင်ထားတယ်ဆိုတဲ့ အထောက်အထားလည်းမတွေ့ရပါဘူး။

မူရင်းလင်ခ့် – Voice of Myanmar | Archive link

သုံးသပ်ချက်

အထက်ပါအချက်အလက်တွေအရ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက စွဲချက်တင်ထားတဲ့ အမှု ၁၇ ခုမှ ၇ ခုကို ပြန်ရုတ်သိမ်းပေးမယ်ဆိုပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ် ဆိုတဲ့ အချက်အလက်ဟာ အထောက်အထားမရှိပါဘူး။

Avatar

Title:Fact Check: နိုင်ငံတော်ငြိမ်းချမ်းအောင်ပြန်လုပ်ပေးပါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု ၇ မှုကို ပိတ်သိမ်းပေးမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြောဆိုတဲ့ သတင်းတု

Fact Check By: Zun Zee 

Result: Misleading


Leave a Reply

Your email address will not be published. Required fields are marked *