၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံမှာ ငလျင်မလုပ်ခင် အိမ် ၃ လုံးပိုင်ခဲ့တဲ့ အဖိုးအိုတစ်ဦးဟာ ငလျင်လှုပ်အပြီး စက္ကန့် ၄၀ အတွင်းမှာ အိမ် ၃ လုံးလည်းမရှိတော့သလို စားသောက်စရာမရှိတော့လို့ တခြားသူတွေပေးတဲ့ မုန့်ကို ယူပြီရပ်နေရတဲ့ ဘဝကို ရောက်သွားတယ်လို့ဆိုတဲ့ ဓာတ်ပုံပို့စ်တစ်ခု ဖေ့စ်ဘွတ်မှာ ကြိမ်ဖန်များစွာဖြန့်ဝေနေကြပါတယ်။ ဓာတ်ပုံထဲမှာ ပျက်စီးနေတဲ့ အဆောက်အဦးတစ်ခုရဲ့ ရှေ့မှာ ပေါင်မုန့်ကြမ်း အချောင်းအချို့ ကိုင်ရပ်ပြီး မျက်စေကို ပွတ်နေတဲ့ အဘိုးအိုတစ်ဦးပါဝင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီမှာ လှုတ်ခတ်ခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး။

“6-2-2023.ရက်နေ့

တူရကီနိုင်ငံ မြေငလျင်မလုပ်ခင် စက္ကန့် လေးဆယ်အလိုမှာ

အဲဒီ ပုဂ္ဂိုလ်ထံမှာ အိမ် သုံး အိမ် ရှိတယ်။

———————————————-

စက္ကန့် လေးဆယ်နောက်ပိုင်း

အံဒီ ပုဂ္ဂိုလ်ထံမှာ စားစရာ မုန့် သုံးခုတောင်

မရှိတော့ဘူး။

———————————————

အဲဒီ ပုံမှာတွေ့ရတဲ့ မုန့်တွေက

တစ်ခြားလူတွေက ပေးလို့ မုန့်ကိုယူပြီး

ရပ်နေတာဖြစ်ပါတယ်။”စသည်ဖြင့် ရေးသားပြီး “လောကုတ် လောကီ စာပန်ချီ” အမည်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာ ကအောက်ပါအတိုင်းမျှဝေထားတာတွေ့ရပါတယ်။

မူရင်းလင်ခ့် – FB link | Archive link

တူညီတဲ့ရေးသားမျှဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာ လည်းတွေ့ရပါတယ်။

အချက်အလက်စိစစ်ချက်

Google မှာပုံရှာနည်းအသုံးပြုပြီး ဓာတ်ပုံကို ပြန်လည်ရှာဖွေကြည့်ရာမှာ Hurriyet Daily News အမည်နဲ့ ဝက်ဘ်ဆိုဒ်မှာ ၂၀၂၀ ခုနှစ်ကရေးသားတဲ့ “Düzce ငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခံစားရသူတွေ ၂၁ နှစ်ပြည့်ပြီ” ခေါင်းစဉ်နဲ့သတင်းဆောင်းပါးတစ်ပုဒ်မှာ ဒီဓာတ်ပုံကို တွေ့ရပါတယ်။ ၁၉၉၉ ခုနှစ် တူရကီနိုင်ငံ Düzce ဒေသမှာငလျင်လှုပ်တုန်းကအဖြစ်အပျက်ကိုရေးသားထားတာဖြစ်ပါတယ်။ ဒီအချက်အလက်အရပဲ ဒီဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိတာတွေ့ရပါတယ်။

ထို့အပြင် ထပ်မံပြီး အဓိကကျတဲ့ စကားလုံးအချို့ကို အသုံးပြုပြီး ဓာတ်ပုံကို ထပ်မံရှာဖွေကြည့်ရာမှာ စပိန်သတင်း စာ elmundo မှာ ၁၉၉၁ ခုနှစ်က တူရကီမှာ သတိပေးချက်ကြောင့် လူထုထိန့်လန့်နေကြတယ်ဆိုတဲ့ စပိန်ဘာသာနဲ့ရေးသားထားတဲ့သတင်းတစ်ပုဒ်မှာ ဒီဓာတ်ပုံကို အသုံးပြုထားတာတွေ့ရပါတယ်။ အောက်ပါ စခရင်ရွှတ်ကတော့ Google Translate အသုံးပြုပြီး အင်္ဂလိပ်ဘာသာကို ဘာသာပြန်ဆိုထားတဲ့ ပုံဖြစ်ပါတယ်။

မူရင်းလင်ခ့် – Elmundo | Archive link

သုံးသပ်ချက်

ဓာတ်ပုံဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ငလျင်နဲ့ သက်ဆိုင်ခြင်းမရှိဘဲ တူရကီနိုင်ငံ Düzce ဒေသမှာ၁၉၉၉ ခုနှစ် ငလျင်လှုပ်တုန်းကအဖြစ်အပျက် ဓာတ်ပုံဖြစ်ပါတယ်။ပြောဆိုချက် - ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက်နေ့က တူရကီနိုင်ငံမှာ ငလျင်မလုပ်ခင်အထိ အိမ် ၃ လုံးပိုင်ခဲ့တဲ့ အဖိုးအိုရဲ့ ဓာတ်ပုံ

Avatar

Title:Fact Check: ဒီပေါင်မုန့်ချောင်းကိုင်ထားတဲ့ အဘိုးအိုက လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ဓာတ်ပုံဖြစ်တယ်

Fact Check By: နေရာမောင်

Result: Missing Context