၂၀၁၂ ခုနှစ်က ရိုဟင်ဂျာတွေ က ရခိုင်တွေနဲ့ ရခိုင်အိမ်တွေကို သတ်ဖြတ်မီး ရှို့ ခဲ့တဲ့ မှတ်တမ်းဆိုပြီးတော့ ဗွီဒီယို တခုက ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပျံ့နှံ့ခဲ့တာတွေ့ တွေ့ရပါတယ်။ ဖြန့်ဝေထားတဲ့ ဗွီဒီယိုထဲမှာ မြင်ကွင်းဟာ ကြည်လင်ပြတ်သားမှုမရှိဘဲ ဝေဝါးနေပေမဲ့ လူအုပ်ကြီးက အော်ဟစ်တိုက်ခိုက်နေတဲ့ ပဋိပက္ခမြင်ကွင်းကို ဖော်ပြထားတာကို သိနိုင်ပါတယ်။ ဒါပေမဲ့ ဒီပြောဆိုချက်နဲ့ မြင်ကွင်းဗွီဒီယိုအစိတ်အပိုင်းဟာ မှားယွင်းပြီး သက်ဆိုင်ခြင်းမရှိပါဘူး။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ တူညီတဲ့ မျှဝေမှုကို ဒီနေရာမှာလည်း တွေ့ရတယ်။
“သ မိုင်း ဆို တာ လိမ် လို့ မ ရ ဘူး။ 2012 တုန်း က ဘ်င်္ဂါ်လီ တွေ ရ ခိုင် ပြည် သူ နဲ့ ရ ခိုင် ရွာ တွေ အိမ် တွေ ကို ဘယ် လို သ် ်တ် ဖြ်တ် မီး ရှို့ ခဲ့ သ လဲ ဆိုတာ ဒီ ရုပ် သံ မှာ မြင် ကြ ရ မှာ ပါ။” (မူလအရေးအသား)

အချက်အလက်စိစစ်ချက်
Google မှာ ဗွီဒီယိုပျံ့နှံ့ခဲ့ပုံကို ရှာဖွေကြည့်ရာမှာ ဒီဗွီဒီယိုဟာ မတူညီတဲ့ အနည်းဆုံး အစိတ်အပိုင်း ၂ ပိုင်းပါဝင်နေ တာတွေ့ရပါတယ်။
ပထမပိုင်း ၁၃ စက္ကန့်အထိဖြစ်စဉ်ဟာ ၂၀၁၈ ခုနှစ်အတွင်းက အိန္ဒိယနိုင်ငံ တမီးလ်နာ ဒူဒေသမှာ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေအကြား ပဋိပက္ခက မြင်ကွင်း ဗွီဒီယိုတခုဖြစ်တာတွေ့ရပါတယ်။ ဒီလင့်ခ်မှာ ကြည့်ပါ။ သဘာဝပတ်ဝန်းကျင်နဲ့ ကျန်းမာရေးစိုးရိမ်မှုတွေကြောင့် Sterlite ကြေးနီစက်ရုံကို ကန့်ကွက်တဲ့ ဒေသခံတွေနဲ့ တမီးလ်ရဲတပ်ဖွဲ့အကြား ၂၀၁၈ ခုနှစ် ထိပ်တိုက် ပဋိပက္ခဖြစ်တဲ့ ဖြစ်စဉ်မှာ အနည်းဆုံး ဆန္ဒပြသူ ၁၃ ဦးသေဆုံးခဲ့ပါတယ်။
၂၀၁၈ ခုနှစ် မေ ၂၉ ရက်စွဲနဲ့ ဖော်ပြထားတဲ့ Organiser Weekly အမည်နဲ့ ယူကျူ့ချန်နယ်က ဖော်ပြချက်မှာ အောက်ပါအတိုင်းဖြစ်တယ်။
“Anti-Sterile protests: Violent protesters attacking the police Video-1”
စက္ကန့် ၃၀ ရှည်လျားတဲ့ ဒီဗွီဒီယိုရဲ့ ဒုတိယပိုင်းဖြစ်တဲ့ ၁၅ စက္ကန့်ဟာ ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ် ပဋိပက္ခကို ဖော်ပြထားတာတွေ့ရပါတယ်။
၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်းမှာ အဲဒီအချိန်က တရားဝင်ထုတ်ပြန်တဲ့ စာရင်းတွေအရ နှစ်ဘက်စလုံး ထိခိုက်ခံစားခဲ့ရပြီး လူဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသလို အိုး၊အိမ်များစွာ မီးရှို့ဖျက်ဆီးခံခဲ့ရကာ လူ ၁ သိန်းဝန်းကျင် ဘေးကင်းရာနဲ့ ဒုက္ခသည်စခန်းတွေမှာ ပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။
သုံးသပ်ချက်
ဗွီဒီယိုဟာ မတူညီတဲ့ ဖြစ်စဉ်နှစ်ခုကို ပေါင်းစပ်ဖော်ပြထားတာတွေ့ရပြီး ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေအကြား ပဋိပက္ခဖြစ်တဲ့ ဗွီဒီယိုပထမပိုင်းဟာ ၂၀၁၈ ခုနှစ် မေလအတွင်း အိန္ဒိယနိုင်ငံကအဖြစ်အပျက်တခုဖြစ်တာ တွေ့ရပါတယ်။

