ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီ၊ ရန်ကုန်မြို့က နေအိမ်ကို ပြန်ရောက်လာပြီလို့ ဆိုထားတဲ့ ဗွီဒီယိုတွေ ယူကျူ့နဲ့ ဖေ့စ်ဘွတ်စာမျက်နှာတွေကနေ ဧပြီ ၁၇ ရက်ကတည်းက ပျံ့နှံ့မှုအားကောင်းနေတာတွေ့ရပါတယ်။ ကောလာဟလ သတင်းတွေဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ယူကျူ့ချန်နယ်တခုက ဒီကနေ့(ဧပြီ ၁၈ ရက်)မှာ ဖြန့်ဝေလာတဲ့ ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။
“အမေစု ခြံအမှတ် (၅၄) ပြန်ရောက်ပြီ လူထုခေါင်းဆောင် မျက်နှာ ပြန်မြင်ရပြီ ၊ ပြည်သူတွေကို နှတ်ဆက်မိန့်ခွန်း ပြောနေပြီ”

အချက်အလက်စိစစ်ချက်
မြန်မာနှစ်ဆန်း ၁ ရက်(ဧပြီ ၁၇ ရက်)က တောင်ငူထောင်မှာ ဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက်မာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ရန်ကုန်နေအိမ် ခြံအမှတ် ၅၄ ကို ပြန်ပို့မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ကောလာဟလ သတင်းတခုသာဖြစ်ခဲ့ပြီး ဧပြီ ၁၈ ရက်အထိ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်အဖြစ် ပြောင်းလဲထားတယ်ဆိုတဲ့ အချက်ကို အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အခုလို သတင်းခေါင်းစဉ်တု တပ်ဖြန့်ချိထားတဲ့ ဗွီဒီယိုထဲမှာလည်း သမ္မတဦးဝင်းမြင့် ပြန်လည်လွတ်မြောက်လာတဲ့အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း အတည်မပြုနိုင်သေးကြောင်းပဲ ဖော်ပြထားတယ်။
ဧပြီ ၁၇ ရက်နေ့ကတည်း ပါတီခေါင်းဆောင်တွေ ပြန်လည်လွတ်မြောက်လာမှု ကိစ္စကို လူကိုယ်တိုင် လိုက်ပါဆောင်ရွက်နေတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ဒေါက်တာမျိုးညွှန့်က ဒီလို ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မှာ နေအိမ်မှာ အကျယ်ချုပ်နဲ့ ပြန်ထားမယ်ဆိုတာ အတည်မပြုနိုင် သေးကြောင်း၊ အရင်အတိုင်းပဲ ဆက်ရှိနေကြောင်း မီဒီယာတွေကို ဖြေဆိုထားတာတွေ့ရတယ်။( ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ပါ။)

ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူကျခံနေရတဲ့ ပြစ်ဒဏ်ထဲက ခြောက်ပုံတပုံဖြစ်တဲ့ ၄ နှစ်ခွဲသာ စစ်တပ်က လျှော့ပေါ့ပေးခဲ့ ကြောင်း သူမရဲ့ ရှေ့နေကို ကိုးကားပြီး Reuters သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ပြောဆိုဖြန့်ဝေထားတဲ့ “Yangon Khit Thit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည် ကူးယူဖော်ပြရာမှာ သတင်းခေါင်းစဉ်တုတပ်ပြီး ဖြန့်ဝေတာ၊ လုပ်ကြံရေးသား ပြောဆိုချက်တွေ ဖြန့်ဝေတာတွေ ပြုလုပ်တဲ့ ချန်နယ် တခုဖြစ်တယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar မှာ အချက်အလက်စိစစ်ချက် မကြာခဏ ဖော်ပြခဲ့ပြီးဖြစ်တယ်။
သုံးသပ်ချက်
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ပြောင်းလဲထားရှိမယ်ဆိုတဲ့ အချက်ဟာ ကောလာဟလသာဖြစ်ပြီး သူမဟာ ပြန်လည်လွတ်မြောက်လာခြင်းလည်း မရှိသေးပါဘူး။ ဗွီဒီယိုဖြန့်ဝေနေတဲ့ “Yangon Khit Thit”ဟာ သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ကူးယူ ဖော်ပြရာမှာ သတင်းခေါင်းစဉ်ကို လိုအပ်သလို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတယ်။

