
စစ်ခေါင်းဆောင်ရဲ့သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရတယ်လို့ ဆိုထားတဲ့ ဗွီဒီယို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားရာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတု ဖြန့်ဝေမှုသာဖြစ်တယ်။
အောက်ပါစခရင်ရှော့ကတော့ ကြည့်ရှု့မှုများပြားနေတဲ့ ယူကျူ့ ဗွီဒီယိုနဲ့ ဒီဗွီဒီယို ပါစာသားကောက်နုတ်ချက်ဖြစ်ပါ တယ်။
“ပြင်ဦးလွင်ရောက်နေတဲ့ မအလသား အောင်ပြည့်စုံ
စနိုက်ဘာနဲ့ ပစ်သတ်ခံရ(ရုပ်/သံ)
ရန်ကုန်ခေတ်သစ် ပြုံးပြုံးလေးနဲ့ အတည်ပြုကြေညာပြီ”
မူရင်းလင်ခ့် – Youtube link | Archive link
အချက်အလက်စိစစ်ချက်
ဗွီဒီယိုကို ဖြန့်ဝေထားတဲ့ “Burma Television”အမည်နဲ့ ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့ပြီး ဖြစ်တဲ့ သတင်းတွေကို သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ ချန်နယ်တခုဖြစ်တာတွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar ရဲ့ အချက်အလက်စိစစ်ချက်တွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
အခုလည်း ဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတဲ့ အကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနမှာ ဖော်ပြခဲ့ပြီးဖြစ်တဲ့ “ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား”၊ “နောင်ချို တိုက်ပွဲများတွင် စစ်ကောင်စီတပ်က အဆိပ်ငွေ့ဗုံးများ အသုံးပြုတိုက် ခိုက်သဖြင့် TNLA တပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ကာ ၄ ဦးမှာ ဒဏ်ရာ ပြင်း ထန်”၊ “နွားထိုးကြီးမြို့နယ်၊ မာန်လည်ရွာနှင့် ကလေးမြို့နယ်၊ နတ်ချောင်းတိုက်နယ်ဆေးရုံကို စစ်တပ်က လေယာဉ်များဖြင့် ဗုံးကျဲမှု ပြည်သူ ၂ ဦးဒဏ်ရာရပြီး နေအိမ်နှင့်ဆေးရုံများ ပျက်စီး” စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြထားတယ်။
သုံးသပ်ချက်
“Burma Television”ဟာ သတင်းမီဒီယာတချို့မှာ ဖော်ပြခဲ့တဲ့ သတင်းတွေကို ပြန်လည်ကူးယူပြီး သတင်းခေါင်းစဉ်တုတပ်ဖြန့်ချိတဲ့ နေရာတခုဖြစ်တယ်။ ပြင်ဦးလွင်မှာ စစ်ခေါင်းဆောင်ရဲ့ သား အောင်ပြည့်စုံ သိမ်းယူမယ် မြေကွက်ပေါ်က နေအိမ်တွေကို ဖြိုဖျက်ဖို့အတွက် မြေကော်စက်နဲ့ ဘူဒိုဇာကားများရောက်ရှိနေပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားတယ်ဆိုတဲ့ ရန်ကုန်ခေတ်သစ်သတင်းဌာနက သတင်းကို စစ်ခေါင်းဆောင်ရဲ့ သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရတယ်လို့ သတင်းခေါင်းစဉ်တုတပ်ပြီး ဗွီဒီယိုပုံစံနဲ့ ပြန်လည် ဖြန့်ချိထားခြင်း ဖြစ်တယ်။
ပြောဆိုချက်- စစ်ခေါင်းဆောင်ရဲ့ သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရ

Title:Fact Check: စစ်ခေါင်းဆောင်ရဲ့သား ပြင်ဦးလွင်မှာ ပစ်သတ်ခံရတဲ့ သတင်းတု
Fact Check By: နေရာမောင်Result: False