Fact Check: အသစ်ရွေးချယ်လိုက်တဲ့ ဗာတီကန်ပုပ်ရဟန်းမင်းလား-မဟုတ်ပါ

Misleading လူမှုရေး

ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုပြီး ပြောဆိုချက်တခု ဖေ့စ်ဘွတ် အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်း လျှက်ရှိပါတယ်။ တကယ်တော့ နားလည်မှုလွဲစေနိုင်တဲ့ သတင်းမှားသာဖြစ်တယ်။ ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်းကို မေ ၇ ရက်မှာ ပြုလုပ်မယ်လို့ ဗာတီကန်စီးတီးက ကြေညာထားတယ်။

ဖေ့စ်ဘွတ်မှာ ပျံ့နှံ့မှုအားကောင်းနေတဲ့ “Thomas Myo Lin”အမည်နဲ့ ဖေ့စ်ဘွတ်အသုံးပြုသူရေးသားခဲ့တဲ့ ပို့စ်ပါစာသား ကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။ ဒီလိုပဲ ကာဒီနယ် ၂၃၀ ကျော်ထဲက မဲအများဆုံးရရှိပြီး အသစ်ခန့်အပ်လိုက်တဲ့ ပုပ်ရဟန်းမင်းခန့်အပ်ပွဲဆိုပြီးတော့လည်း ဒီအကောင့်ကပဲ ထပ်မံ မျှဝေခဲ့ပါသေးတယ်။ 

 “ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းကြီးအသစ် ကိုဆောင်ကြည်းလာပါပီ”လို့လည်း ရေးသားထားပါတယ်

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

ပုပ်ရဟန်းမင်းအသစ် ရွေးကောက်ခြင်း အစည်းအဝေးကို မေ ၇ ရက်မှာ လုပ်ဆောင်မယ်လို့ ဗာတီကန်က ဧပြီလ ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ ဗာတီကန်ရဲ့ ထုတ်ပြန်ချက်မှာ  ဒီအစည်းအဝေးကို ဗာတီကန်စီးတီးက Sistine Chapel မှာ ပြုလုပ်မှာဖြစ်ပြီး ကြေညာချက်မှာဖော်ပြပါတယ်။

သက်တော် ၈၈ နှစ်အရွယ် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်(Pope Francis)ဟာ ဧပြီ ၂၁ ရက်နေ့မှာ နှလုံးရောဂါ၊ လေဖြတ်ရောဂါတွေနဲ့ ပျံလွန်တော် မူပြီးနောက် ဈာပနအခမ်းအနားကို ဧပြီ ၂၆ ရက်မှာ ရောမမြို့က စိန့်ပီတာရင်ပြင်(St. Peter’s Square)မှာကျင်းပခဲ့ပြီးစီးခဲ့ပါတယ်။  

အသစ်ရွေးချယ်လိုက်တဲ့ ပုပ်ရဟန်းမင်းအဖြစ် ဖော်ပြထားတဲ့ ဗွီဒီယိုထဲက ပုပ် ကတော့ ၁၉၇၀ ခုနှစ်မှာ ဗာတီကန်အသင်းတော်ကနေ ခွဲထွက်ပြီး Palmarian Catholic Church အနေနဲ့ စပိန်နိုင်ငံ ဆီဗီလာမြို့အနီးက El Palmar de Troya မှာ အခြေပြုတဲ့ ဝတ်ပြုအသင်းကပဲ ဖြစ်ပြီး ပုပ်ရဲ့ အမည်က Markus Josef Odermatt ဖြစ်တယ်။ Pope Peter III အမည်နဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်တင်မြောက်ခံရတာဖြစ်ပြီး ယခုချိန်ထိ ပုပ်အဖြစ် ရှိနေပါတယ်။ ယခုရက်ပိုင်းမှ အသစ်တင်မြှောက်လိုက်တဲ့ ပုပ် မဟုတ်သလို ယခု ပျံ့လွန်တော်မူသွားတဲ့ ဗာတီကန် အသင်းတော်ကလည်း မဟုတ်တာတွေ့ရပါတယ်။ 

သုံးသပ်ချက်

ကက်သလစ်ဘာသာဝင်တွေအတွက် ပုပ်ရဟန်းမင်းအသစ် ရွေးချယ်လိုက်ပြီဆိုတဲ့ ပြောဆိုချက်ဟာ မှားယွင်းပါတယ်။ ပျံလွန်တော်မူသွားတဲ့ ပုပ်ဖရန်စစ်နေရာကို မေ ၇ ရက်မှာ ရွေးကောက်တင်မြောက်မယ်လို့ ဗာတီကန်က ကြေညာထားတယ်။ ဗွီဒီယိုထဲပါ ပုပ်ဟာ စပိန်အခြေစိုက် Palmarian Catholic Church က ပုပ်ရဟန်းမင်း ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက အဲဒီအသင်းတော်ရဲ့ ပုပ်ရဟန်းမင်းအဖြစ် တည်ရှိပါတယ်။

Avatar

Title:Fact Check: အသစ်ရွေးချယ်လိုက်တဲ့ ဗာတီကန်ပုပ်ရဟန်းမင်းလား-မဟုတ်ပါ

Written By: နေရာမောင်  

Result: False