Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်‌ခေါင်းဆောင် လွှတ်ပေးတဲ့ သတင်းတု 

နိုင်ငံရေး

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန်လွှတ်ပေးကြောင်း ကြေညာ လိုက်တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့လျက်ရှိပါတယ်။ သတင်းတုဖြန့်ချိ နေခြင်းဖြစ်တယ်။

အောက်ပါစခရင်ရှော့ကတော့ စက်တင်ဘာ ၃ ရက်က ဒီလိုဖြန့်ဝေထားတဲ့ ပို့စ်ဖြစ်တယ်။ အလားတူ ရေးသား မျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်း တွေ့ရပါတယ်။

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

သတင်းလုပ်ငန်းအဓိကလုပ်ကိုင်နေတဲ့ မီဒီယာတွေမှာ ဒီသတင်းဖော်ပြချက်မျိုးမရှိပါဘူး။  အခု ဗွီဒီယိုကို သတင်း ခေါင်းစဉ်တုတွေတပ် ဖြန့်ဝေနေလေ့ရှိတဲ့ ဖေ့စ်ဘွတ်စာမျက်နှာနဲ့ ယူကျူ့ချန်နယ်တွေက ဖြန့်ချိ နေခြင်းဖြစ်တယ်။ 

နေပြည်တော် အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ချို့ယွင်းနေပြီး သွားကိုက်ဝေဒနာခံစားနေရလို့ ပြင်ပဆရာဝန်နဲ့ ပြသခွင့်အတွက် စစ်ကောင်စီကို တောင်းဆိုပေမဲ့ ခွင့်မပြုခဲ့ကြောင်း နေပြည်တော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကို စက်တင်ဘာ ၃ ရက်က ဗွီအိုအေသတင်းမှာဖော်ပြခဲ့ပါတယ်။ ဒီလင့်ခ်မှာကြည့်ပါ။ လွှတ်ပေးဖို့အကြောင်း စစ်ခေါင်းဆောင်ပြောတဲ့ အကြောင်း တစုံတရာမပါဝင်ပါဘူး။ 

ထို့အတူ ဒေါ်အောင်ဆန်းစုကြည် အထူးအယူခံတင်ထားတဲ့အမှုတွေထဲက အဂတိအမှု ၅ မှုကို အထူးအယူခံ လက်ခံဖို့သင့် ၊ မသင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က စက်တင်ဘာ ၅ ရက်မှာ ကြားနာမယ်လို့ ဘီဘီစီမြန်မာပိုင်းက စက်တင်ဘာ ၂ရက်က ဖော်ပြပါတယ်။

ထို့အပြင် အခုလို သတင်းခေါင်းစဉ်တုတပ်ထားတဲ့ ဗွီဒီယိုထဲမှာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ သတင်းတချို့ကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။  “ဩဂုတ်လအတွင်း မန္တလေး၌ နေရာ ၉ ခုတိုက်ခိုက်ခံရပြီး လက်ထောက်ညွှန်မှူးအပါအ၀င် Non CDM ၀န်ထမ်း ၅ ဦး ဒဏ်ရာရ”၊ “မုန်း- ကျောက်ကြီး-တောင်ငူ ကားလမ်း ပေါ်က စစ်ကောင်စီရဲ့အရေးပါတဲ့ သစ်ချဆိပ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက လေကြောင်းပစ်ခတ်မှု တွေနဲ့ အခက်အခဲတွေကြားက အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်”၊ “မန္တလေးမြို့တွင် စစ်သားအချင်းချင်း မှားယွင်းပစ်ခတ်မှု ၂ ဦးသေဆုံး၊ ရသုံးမှန်းခြေ ငွေစာရင်းရုံးကို ဗုံးခွဲတိုက်ခိုက်မှုဖြစ်ပွား”၊ “မန္တလေးတွင် ဆိုင်ကယ်ပွဲစားတန်း ဥက္ကဋ္ဌ မော်ကြီး ပစ်ခတ်ခံရပြီးသေဆုံး၊ မဟာအောင်မြေတွင် စစ်သား ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံးနိုင်”စတဲ့ သတင်းတွေကို ပြန်လည်ဖော်ပြနေခြင်းဖြစ်တယ်။

တကယ်တော့ ၃၈ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုတခုလုံးမှာလည်း ဒေါ်အောင်ဆန်းစုကြည်အကြောင်း မတွေ့ရဘဲ အထက်က သတင်းတွေကိုပဲ ထပ်ခါထပ်ခါဖော်ပြထားခြင်းသာဖြစ်တယ်။

သုံးသပ်ချက်

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လည်လွှတ်ပေးဖို့ စစ်ခေါင်းဆောင်မပြောပါဘူး။ ရန်ကုန်ခေတ် သစ် မီဒီယာက ဖော်ပြခဲ့တဲ့ လုပ်ကြံသတ်ဖြတ်ခံရမှုသတင်းတွေနဲ့ တိုက်ပွဲသတင်းတွေကို ခေါင်းစဉ်လွဲတပ်ဖော်ပြနေခြင်း ဖြစ်ပါတယ်။ ‌ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းတဲ့အကြောင်း မီဒီယာတခုကဖော်ပြပြီးနောက် ထင်ယောင်ထင်မှားဖြစ်ဖွယ်အခုလို ခေါင်းစဉ်တုအသုံးပြု လူစိတ်ဝင်းစားမှုရယူလာခြင်းဖြစ်တယ်။

Avatar

Title:Fact Check: ဒေါ်အောင်ဆန်းစုကြည်ကို စစ်‌ခေါင်းဆောင် လွှတ်ပေးတဲ့ သတင်းတု

Written By: နေရာမောင် 

Result: False