
စမတ်ဖုန်း တဖက် မိုက်ခရိုဖုန်းကတဖက်ကိုင်ထားတဲ့ တက်စလာ(Tesla)ကုမ္ပဏီပိုင်ရှင် အီလွန်မက်(Elon Musk) ဓာတ်ပုံနဲ့အတူ လူသားရဲ့ ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ် စမတ်ဖုန်းကို ထုတ်လုပ်ဖြန့် ချိလိုက်တယ်ဆိုတဲ့ ပြောဆိုချက်ဟာ ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းခဲ့ ပါတယ်။
အောက်ပါစာသားတွေကတော့ ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်ပါစာသားကောက်နုတ်ချက်ဖြစ်ပါတယ်။ တူညီတဲ့ ရေးသားမျှဝေမှုကို ဒီနေရာ၊ဒီနေရာနဲ့ ဒီနေရာမှာလည်း ရေးသားထားပါတယ်။
“Strar Link ဂြိုလ်တုကို တီထွင်သူ Tesla Company ပိုင်ရှင် Elon Musk က Pi Phone ခေါ် Tesla Phone ကို
ဖန္တီးထုတ်လုပ်လိုက်ပါတယ် ။ Tesla Phone ဟာ ယနေ့ ကမ္ဘာပေါ်မှာ နံပါတ်တစ် လူကြိုက်များနေတဲ့ I Phone 13 X ထက်သာလွန်တဲ့ စွမ်းဆောင်ရည်များစွာပါရှိနေပါတယ် ။ Tesla Phone ဟာ ကမ္ဘာပေါ်က မည်သည့်နေရာဒေသမဆို Internet ကို Star Link နဲ့ ဖမ်းယူချိတ်ဆက်ပြီးအသုံးပြုနိင်မှာဖြစ်ပြီး လျှပ်စစ်မီး မရရှိသေးတဲ့ဒေသတွေနဲ့တောထဲတောင်ထဲနေရာတွေမှာလည်း Solar နေရောင်ခြည် စွမ်းအင်ကို အသုံးပြုပြီးcharging ပြုလုပ်နိင်ပါတယ် ။ ဒါ့အပြင် User အနေနဲ့ ဖုန်းသုံးနေရင်း YouTube Channel ကိုကြည့်လိုပါက ဘာကို မှ နှိပ်စရာမလိုပဲ စိတ်အာရုံပြုရုံနဲ့တင်ဖုန်း Screen ဟာYouTube ကိုအလိုအလျောက် ပြောင်းလဲ ပေးမှာ ဖြစ်တယ်လို့သိရပါတယ် လူရဲ့ ဉီးဏှောက် နဲ့ ဖုန်းနဲ့ ချိတ်ဆက်connected လုပ်ထားတဲ့ အတွက် ယခုလို အလိုအလျောက် အသုံးပြုနိင်တာဖြစ်ပါတယ် ။”

မူရင်းလင်ခ့် – Fb link | Archive link
ဒီလို အလားတူပြောဆိုမှုတွေကို ပြီးခဲ့တဲ့ နှစ် အခုလိုအချိန်ကလည်း ပျံ့နှံမှုအားကောင်းခဲ့ဖူးပါတယ်။ဖေ့စ်ဘွတ်ရဲ့ ဒီနေရာနဲ့ ဒီနေရာမှာ ကြည့်ပါ။
စွန့်ဦးတီထွင်လုပ်ငန်းတွေလုပ်ငန်းတွေနဲ့ ကမ္ဘာအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာတဲ့ အီလွန်မက်(Elon Musk)ဟာ ဒီပို့စ်မှာပါသလိုပဲ ဂြိုလ်တုအင်တာနက်လုပ်ငန်း Star Linkနဲ့ Space X လို ပုဂ္ဂလိကအာကာသအေဂျင်စီကို ပိုင်ဆိုင်သလို ဦးနှောက်ကတိုက်ရိုက်အမိန့်ထိန်းချုပ်ရေးနည်းပညာ သုတေသနနဲ့ လူသားပုံစံတူ စက်ရုပ်၊ ဘက်ထရီကားလုပ်ငန်းတွေပါဝင်တဲ့ Tesla ကုမ္ပဏီလည်းပိုင်ဆိုင်ထားပါတယ်။
သို့သော်လည်း Tesla အနေနဲ့ အခုလိုမျိုး စမတ်ဖုန်းလောကထဲကို တကယ် ဝင်ရောက်လာသလား ဆိုတာ ကြည့်ရအောင်ပါ။
ဒီလိုပျံ့နှံ့မှုတွေနဲ့ ပတ်သက်ပြီး Tesla ကုမ္ပဏီဘက်က တရားဝင်ငြင်းဆိုတာမျိုးမရှိပါဘူး။ ဒါပေမဲ့ ၂၀၂၀ ခုနှစ်ထဲမှာ အခြားသောလုပ်ဖော်ကိုင်ဖက်တွေနဲ့ပေါင်းပြီး စမတ်နာရီ တီထွင်နေတယ်ဆိုပြီး ကောလာဟလ ပျံ့နှံ့ခဲ့စဉ်ကတော့ အီလွန်မက်က သူလုပ်နေတဲ့ Neuralinks ဆိုတာ အနာဂတ် နည်းပညာဖြစ်ပြီး စမတ်နာရီတို့ စမတ်ဖုန်းတို့ဆိုတာ အတိတ်မှာ ကျန်ခဲ့ပြီလို့ သူက တုန့်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ Tesla ကုမ္ပဏီရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ ဒီလိုဖုန်းမျိုး ထုတ်လုပ်ရောင်းချမယ်ဆိုတဲ့ ထုတ်ပြန် ချက်တွေ မတွေ့ရသလို အဓိကကျတဲ့စကားလုံးတွေအသုံးပြုပြီး Google မှာရှာကြည့်ရာမှာလည်း Tesla အမှတ်တံဆိပ် စမတ်ဖုန်းတွေ ထုတ်လုပ်ရောင်းချမယ်ဆိုတာကို ယုံကြည်ရတဲ့သတင်း အရင်းအမြစ်တွေက ဖော်ပြချက်မရှိပါဘူး။
ထို့အပြင် စမတ်ဖုန်းကိုင်ထားတဲ့ အီလွန်မတ်စ်ရဲ့ပုံဟာ Australian Associated Press သတင်းဌာနက ၂၀၁၇ ခုနှစ်ကဖော်ပြခဲ့တဲ့ ဓာတ်ပုံကို ဒီဂျစ်တယ်နည်းပညာအသုံးပြုပြီး ပြုပြင်ဖန်တီးထားတဲ့ ပုံဖြစ်တာတွေ့ရပါတယ်။
မူလဓာတ်ပုံစာသားမှာ အောက်ပါအတိုင်းရေးသားထားပြီး ဓာတ်ပုံနောက်ခံဟာလည်း “၂၀၁၇ ခုနှစ် ဇူလိုင်လ ၇ ရက်က အက်ဒလိတ်မြို့၊ အက်ဒလိတ် အိုဘယ်(Adelaide Oval) အားကစားကွင်းမှာ တွေ့ရတဲ့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မတ်။ ကမ္ဘာ့အကြီးဆုံး လီသီယမ် အိုင်းယွန်းဘတ္ထရီစက်ရုံကို သြစတြေးလျတောင်ပိုင်း ဂျိမ်းစ်တောင်း(James Town)မြို့တွင် တည်ဆောက်မည်။ ၂၀၁၇၊ ဇူလိုင် ၇၊ သောကြာနေ့ (AAP ဓာတ်ပုံ၊ Ben Macmahon)”စသည်ဖြင့်ရေးသားထားပါတယ်။

လက်ရှိဖြန့်ဝေနေတဲ့ သတင်းမှားပို့စ်မှာပါပြုပြင်ပြောင်းလဲထားပုံနဲ့ ၂၀၁၇ ခုနှစ်က Australian Associated Press ဝက်ဘ်ဆိုဒ်မှာတွေ့ရတဲ့ မူလဓာတ်ပုံကို အောက်ပါအတိုင်းယှဉ်ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်
အထက်ပါအချက်အလက်အရ အီလွန်မက်ပိုင် တက်စလာကုမ္ပဏီဟာ စမတ်ဖုန်းထုတ်လုပ်ဖြန့်ချိလိုက်တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။ ဓာတ်ပုံဟာလည်း ၂၀၁၇ ခုနှစ်က အက်ဒလိတ်မြို့ အားကစားကွင်းမှာတွေ့ရတဲ့ အီလွန်မက်ဓာတ်ပုံကို ယူသုံးပြီးတော့ ပြုပြင်တည်းဖြတ်ထားခြင်းဖြစ်တယ်။
ပြောဆိုချက်- ဦးနှောက်ကနေ တိုက်ရိုက်အမိန့်ပေးခိုင်းစေလို့ရတဲ့ Tesla အမှတ်တံဆိပ်ဖုန်း အီလွန်မက် ထုတ်ဖော်ပြသ

Title:Fact Check: ဦးနှောက်နဲ့ ချိတ်ဆက်အသုံးပြုရမယ် Tesla Phone ဆိုတဲ့သတင်းမှား
Written By: နေရာမောင်Result: False