SpaceX တည်ထောင်သူ အီလွန်မက် ဒေါ်လာသန်းထောင်ချီ လာဘ်ပေးပြီး သူ့အအကူအညီနဲ့ ဂြိုလ်တု အင်တာနက်တွေ မြန်မာနိုင်ငံကနေ စစ်ကောင်စီ ပိတ်သိမ်းတော့မယ်လို့ ဆိုပြီး ဗွီဒီယိုကို ယူကျူ့ချန်နယ်တခုက ဖြန့်ဝေထားတာမှာ နားလည်မှုလွဲစေနိုင်တဲ့ သတင်းတုဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ဗွီဒီယိုပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာကြည့်ပါ။
“(၁)ရက်အတွင်း လိုင်းပိတ်သိမ်းမယ် အီလွန်မစ်အကူညီနဲ့ (၁)ရက်အတွင်း ဖုန်းအင်တာနက် လိုင်း အကုန်ပိတ်သိမ်းမယ့်သတင်း ပေါက်ကြားလာ”

အချက်အလက်စိစစ်ချက်
တော်လှန်ရေးအင်အားစုတွေနဲ့ စစ်ကောင်စီရဲ့ အင်တာနက် ကန့်သတ်ပိတ်ပင်ထားတဲ့ ဒေသက လူထုတွေ အဓိက ထားသုံးဆွဲခွင့်ရနေတဲ့ စတားလင့်ခ်(Starlink)ဂြိုလ်တုအင်တာနက်ဝန်ဆောင်မှုတွေကို ဖြတ်တောက်ဖို့အတွက် စပေ့ချ်အိက်စ်(SpaceX) အမှုဆောင်အရာရှိချုပ် အီလွန်မက်(Elon Musk)ကို ဒေါ်လာသန်း ထောင်ချီကာ မြန်မာစစ်တပ်က လာဘ်ထိုးပြီး ပိတ်ပင်ခဲ့တယ်လို့ ဖြန့်ဝေထားတဲ့ ယူကျူ့ဗွီဒီယိုက ဆိုပါတယ်။ ဒါပေမဲ့ ဒီအကြောင်းအရာဟာ အထောက်အထား မရှိပါဘူး။ ဒါမှမဟုတ် တကမ္ဘာလုံးမှာ အချမ်းသားဆုံးပုဂ္ဂိုလ် အမေရိကန်နိုင်ငံသားတဦးကို မြန်မာ စစ်တပ်က လာဘ်ပေးပြီး ကြိုးကိုင်ချယ် လှယ်နိုင်တယ်ဆိုတဲ့ ထင်မြင်ယူဆချက်ကနေ ပြောကြား နေခြင်းဖြစ်ပြီး ဖြစ်နိုင်ခြေလည်း နည်းပါးပါတယ်။
တကယ်တမ်း မြန်မာပြည်မှာ တရုတ်ငွေလိမ်ဂိုဏ်တွေဟာ စတားလင့်ခ်ရဲ့ ဂြိုလ်တုအင်တာနက်ကို အသုံးပြုပြီး ဒေါ်လာဘီလီယံများစွာ နှစ်စဉ်လိမ်လည်နေတယ်ဆိုပြီး မီဒီယာတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖိအားပေးမှုနောက်မှာ စတားလင့်ခ်က ၂၀၂၅ ခုနှစ်ထဲမှာ ပိတ်ဆို့မှုတွေ စတင်လုပ်ဆောင်ခဲ့တာတွေ့ရပါတယ်။
ဒီအပြင် ၈ မိနစ်ကျော်ရှည်လျားတဲ့ ဗွီဒီယိုထဲမှာ နောက်ထပ် ဖော်ပြထားတာတဲ့ စတာလင့်ခ်အင်နာနက် ပိတ်ဆို့မှုသတင်းအကြောင်းအရာဟာ ရန်ကုန်ခေတ်သစ်သတင်းဌာနကဖော်ပြခဲ့တဲ့ “Starlink ဂြိုလ်တုအင်တာနက်များ အလုံးစုံပိတ်သိမ်းမှုကြောင့် မြန်မာပြည်သူများ ထိခိုက်နစ်နာနေပြီး ကျားဖြန့် ဆိုက်ဘာလိမ်လည်မှုစခန်းများကိုသာ ပစ်မှတ်ထားပိတ်ပင်ရန် အရပ်ဘက်အဖွဲ့ ၂၅၅ ခုက တောင်းဆို” ဆိုတဲ့ သတင်းကို ပြန်လည်ဖော်ပြထားခြင်းဖြစ်တယ်။
မူရင်းသတင်းထဲမှာ ဂြိုလ်တုအင်တာနက်တွေ အကုန် ပိတ်သိမ်းလိုက်တာက ပြည်သူတွေကို ထိခိုက် နစ်နာစေတဲ့ အတွက် ဆိုက်ဘာလိမ်လည်မှု စခန်းတွေကိုပဲ အဓိက ပစ်မှတ်ထား ပိတ်ပင်ဖို့ အရပ်ဘက်အဖွဲ့ အစည်း ၂၅၅ ခုက အမေရိကန်အစိုးရအပါအဝင် စပေ့ချ်အိက်စ် ကုမ္ပဏီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေဆီကို ထုတ်ပြန်တောင်းဆို တဲ့အကြောင်းသာဖော်ပြထားတယ်။ Myanmar Internet Project က ထုတ်ပြန်တဲ့ ဒီပူးတွဲ ကြေညာချက်မှာ အရှေ့တောင်အာရှဒေသမှာ လှုပ်ရှားနေတဲ့ နယ်စပ်ဖြတ်ကျော် ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းတွေကို နှိမ်နင်းရေးကြိုးပမ်းမှုတွေကို အရပ်ဘက်အဖွဲ့အစည်းတွေက အပြည့်အဝထောက်ခံပေမဲ့ မြန်မာနိုင်ငံတဝန်းက စတားလင့်ခ်စက်တွေကို အလုံးစုံပိတ်ပင်လိုက်တဲ့အတွက် ဘေးထွက်ဆိုးကျိုးဟာ အလွန်ကြီးမားကြောင်းတယ်လို့ ဖော်ပြထားတယ်။ ဒီလို တောင်ဆိုးချက်မူရင်းထဲမှာလည်း စစ်ကောင်စီက အီလွန်မက်စ်ကို လာဘ်ပေးပိတ်သိမ်းခိုင်းတယ်လို့ စွပ်စွဲမှု မပါဝင်ပါဘူး။

ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Burma” အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းခေါင်းစဉ် တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာတခုဖြစ်တာတွေ့ရတယ်။

သုံးသပ်ချက်
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Burma” အမည်နဲ့ ယူကျူ့ချန်နယ်ဟာ လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေက သတင်းဖော်ပြချက်တွေကို ရောနှောဖြန့်ချိတဲ့နေရာဖြစ်တယ်။ စစ်ကောင်စီဟာ မြန်မာပြည်တွင်း အင်တာနက်သုံးစွဲသူတွေကို ဝန်ဆောင်မှုပေးနေတဲ့ ဖိုက်ဘာအင်တာနက်လိုင်း၊ ဖုန်းအင်တာ နက်လိုင်းဝန်ဆောင်မှုတွေကို ပြည်တွင်းမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေကတဆင့် အလွယ်တကူ ထိန်းချုပ် ပိတ်သိမ်းခိုင်းနိုင်ပေမဲ့ အမေရိကန်အခြေစိုက် အာကာသနည်းပညာကုမ္ပဏီ SpaceX ရဲ့ ဂြိုလ်တုအင်တာနက်ကို ပိတ်သိမ်းခိုင်းနိုင်ဖွယ်မရှိပါဘူး။

