KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်ပြီဆိုတဲ့ ဗွီဒီယိုတခု ယူကျူ့မှာ ဖြန့်ဝေထားတာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။ သတင်းတုသာ ဖြစ်တယ်။
အောက်ပါ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကတော့ ဒီလိုပြောဆိုမျှဝေထားတဲ့ ပျံ့နှံ့မှု အားကောင်းနေတဲ့ ယူကျူ့ဗွီဒီယိုက ရယူထားခြင်းဖြစ်တယ်။ ဇူလိုင် ၂၃ ရက်က ဖြန့်ဝေထားတဲ့ ဒီဗွီဒီယိုဟာ လက်ရှိအချိန်မှာ ကြည့်ရှုမှုပေါင်း ၁ ဒဿမ ၆ သိန်း ကျော်ရရှိထားတယ်။
“မြဝတီမြို့ ကျသွားပြီဟေ့ ၊ KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ် ၊ အကြမ်းဖက် အာင်ဇေယျ စစ်ကြောင်း လပ်နက်ချ ၊ ရဲ့ဝင်းဦး ခွက်ခေါက်နေပြီ”
အချက်အလက်စိစစ်ချက်
KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်ပြီဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ အဓိကကျတဲ့ မီဒီယာတွေမှာ ဖော်ပြချက်မရှိပါဘူး။ ယုံကြည်ရလောက်တဲ့ သတင်းအရင်းအမြစ်တွေမှာလည်း ဖော်ပြချက် မတွေ့ရပါဘူး။
ဗွီဒီယိုဖြန့်ဝေထားတဲ့ “Khit Thit Media”အမည်နဲ့ ယူကျူ့ချန်နယ်ကို ကြည့်မယ်ဆိုရင် သတင်းလုပ်ငန်း လုပ်ကိုင်နေတဲ့ ရန်ကုန်ခေတ်သစ် သတင်းဌာနရဲ့ ယူကျူ့အမည်နဲ့ အမှတ်တံဆိပ်ကို တုပထားပြီး လုပ်ကြံရေးသားပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေမှာဖော်ပြခဲ့တဲ့ သတင်းတွေကို ရောနှောဖြန့်ချိလေ့ရှိတဲ့ နေရာတခုဖြစ်တာတွေ့ရပါတယ်။ Fact Crescendo Myanmar က မကြာခဏ အချက်အလက်စိစစ် ဖော်ပြခဲ့ပြီးဖြစ်တယ်။ ဒီလင့်ခ်မှာကြည့်ပါ။
၁၅ မိနစ်ကျော်ရှည်လျားတဲ့ ဒီဗွီဒီယိုထဲမှာ တကယ်တမ်းဖော်ပြထားတာကလည်း မြန်မာစစ်တပ်ထိုးစစ်ဆင်လာ လို့ တိုက်ပွဲပြင်းထန်နေတဲ့ မြဝတီတောင်ဘက် ဖလူး၊ မင်းလက်ပံ ရှေ့တန်းတနေရာမှာ KNLA ရဲ့ ကော်ဘရာ စစ်ကြောင်းမှူး ဗိုလ်ဒါဘောနဲ့ KNDF ဒုတိယစစ်ဦးစီးချုပ် မာဝီတို့ အတူရှိနေတဲ့ ရုပ်သံဖိုင်တခု ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပျံ့နှံ့ခဲ့မှု၊ ဇူလိုင် ၂၀ ရက်က ရေဦးမြို့ပေါ် ရပ်ကွက်တွေအတွင်း စစ်မှုထမ်းဥပဒေနဲ့ ပြည်သူတွေကို ဖမ်းဆီးနေတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးများနဲ့ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်မှု၊ မန္တလေးမြို့ပေါ်မှာ လမ်းမပေါ်က မြောင်းဖုံးတွေပါ အခိုးခံနေရမှု စတဲ့ သတင်းတွေကို ပါဝင်တဲ့ သတင်းဗွီဒီယိုဖိုင်ကို အသံဖိုင်အဖြစ် ထုတ်နုတ်ပြီး ပြန်လည် တင်ဆက်ထားတာတွေ့ရတယ်။

သုံးသပ်ချက်
“Khit Thit Media”ဟာ သတင်းခေါင်းစဉ်တုတပ်ပြီး သတင်းမီဒီယာတချို့က သတင်းတွေကို ပြန်လည်ဖြန့်ချိတာ ဒါမှမဟုတ် လုပ်ကြံရေးသားပြော ဆိုမှုတွေ ဖြန့်ချိတဲ့ ယူကျူ့ချန်နယ်တခုက ဖြန့်ချိထားတယ်။ သတင်းခေါင်းစဉ်ုမှာ ပြောဆိုထားသလို KNDF နဲ့ KNLA ပူးပေါင်းပြီး မြဝတီကို ထိန်းချုပ်လိုက်ပြီဆိုတဲ့ အထောက်အထားမတွေ့ရတဲ့အတွက် သတင်းတုအဖြစ် သတ်မှတ်ပါတယ်။

