Fact Check: မုန်းမြို့မဈေးကို KNLA နဲ့ PDF မီးရှို့တာလား-မဟုတ်ပါ

False နိုင်ငံ‌ရေး

မုန်းမြို့မဈေးကို KNLA တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် PDF အဖွဲ့က မီးရှို့သွားတယ်ဆိုတဲ့ ပို့စ်တစ်ခု ဖေ့စ်ဘွတ်အသုံးပြုသူတွေအကြား ပျံ့နှံ့မှုအားကောင်းလျှက်ရှိပါတယ်။ သတင်းမှားဖြန့်ချိမှုသာဖြစ်တယ်။

အောက်ပါစာသားနဲ့ စခရင်ရှော့ကတော့ ဖေ့စ်ဘွတ်မှာ ဖြန့်ဝေထားတဲ့ ပို့စ်တခုက ရယူထားခြင်းဖြစ်တယ်။ တူညီတဲ့ရေးသားမျှဝေမှုကို ဒီနေရာဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရပါတယ်။

“Breaking News

၂၀၂၃ ဒီဇင်ဘာ ၂၀ ရက်နေ့ ၁၄၄၀ ချိန်ခန့်တွင် KNLA တမဟ(၃)၊ ရင်း(၈)နှင့် တောင်ငူခရိုင်PDF အကြမ်းဖက် တပ်ရင်းအမှတ် (၃၅၀၂)၊ အထူးစစ်ကြောင်းတပ်ခွဲတာဝန်ခံ စည်သူလွင် (ကျောက်ကြီးမြို့နယ် NLD ပါတီ၊ တိုင်း ၁ လွှတ်/လှယ် ဟောင်း)တို့ဦးဆောင်သည့် ပူးပေါင်းအဖွဲ့မှ  မုန်းကျေးရွာ၊ (၅) ရပ်ကွက်ရှိ မုန်းဈေး(မြတ်မာလာ)အား ဈေးအတွင်းပိုင်းမှစ၍ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် မီးလောင်ကျွမ်းလျက်ရှိပြီး မုန်းဈေးတွင် ဆိုင်ခန်းပေါင်း (၂၃၈)ခန်းရှိပြီး ဆိုင်ခန်းပေါင်း ၂၀၀ကျော်မီးလောင်ပျက်စီးခဲ့ကြောင်းသိရသည်။

#ပြည်သူ့စည်းစိမ်ကိုဖျက်ဆီးတဲ့သူပုန်များ”

မူရင်းလင်ခ့် – Fb link | Archive link

အချက်အလက်စိစစ်ချက်

စစ်ကောင်စီပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မုန်းဈေးမီးလောင်ပြာကျခဲ့ကြောင်း ဒီဇင်ဘာ ၂၁ ရက်က ရန်ကုန်ခေတ်သစ်မီဒီယာ ကဖော်ပြအပြီးမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေက မုန်းမြို့စျေးမီးလောင်မှု ဟာ စျေးအတွင်းရှိ ဂတ်စ် အိုးပေါက်ကွဲမှု ကြောင့် လောင်ကျွမ်းခြင်းဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သတင်း ဖော်ပြပါတယ်။  ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်ပါ။ 

သို့သော် ဒီမုန်းဈေးမီးလောင်မှုဟာ စစ်ကောင်စီရဲ့ရှို့မီးဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။ ပဲခူးတိုင်း မုန်းမြို့ရှိ မြို့မဈေးကြီးကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး မီးမရှို့ခင် ၅ ရက်လောက်က ဈေးအတွင်းက ပစ္စည်းတွေကို ဖောက်ထွင်းယူဆောင်တာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း KNU ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ သတင်းဖော်ပြချက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာလည်းတွေ့နိုင်ပါတယ်။

ဒီဇင်ဘာ ၂၀ ညနေ ၃ နာရီဝန်းကျင်က မီးစတင်လောင်ကျွမ်းခဲ့တဲ့ ဒီဈေးမှာ စျေးဆိုင်ခန်း ၂၃၀ ကျော်ရှိပြီး အခန်း ၂၁၀ လောင်ကျွမ်းသွားတာကြောင့် တဈေးလုံနီးပါးပျက်စီးသွားခဲ့ပါတယ်။

သုံးသပ်ချက်

မုန်းမြို့မဈေးကို KNLA တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် PDF အဖွဲ့က မီးရှို့သွားတယ်ဆိုတာ သတင်းမှား ဖြန့်ချိမှုသာဖြစ်တယ်။ လူမှုကွန်ယက်နဲ့ မီဒီယာအချို့မှာ စစ်တပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မုန်းဈေး မီးလောင်ရတာလို့ ဖော်ပြအပြီး စစ်တပ်က သတင်းထုတ်ပြန်ရာမှာတော့ ဈေးအတွင်းမှာ ဂတ်စ်အိုးပေါက်ရာကနေ မီးလောင်တာလို့ ထုတ်ပြန်ပါတယ်။ ဒီဒေသမှာ လှုပ်ရှားနေတဲ့ KNU ကတော့ စစ်ကောင်စီတပ်သားတွေရဲ့ ရှို့မီးအဖြစ် ထုတ်ပြန်ပါတယ်။

ပြောဆိုချက်- မုန်းမြို့မဈေးကို KNLA တပ်မဟာ ၃ နဲ့ တောင်ငူခရိုင် PDF အဖွဲ့က မီးရှို့သွားတယ်

Avatar

Title:Fact Check: မုန်းမြို့မဈေးကို KNLA နဲ့ PDF မီးရှို့တာလား-မဟုတ်ပါ

Written By: နေရာမောင် 

Result: False


Leave a Reply

Your email address will not be published. Required fields are marked *