စစ်တပ်သဘောတူညီချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့စည်းသွားမယ်ဆိုတဲ့ ဗွီဒီယိုတွေ ဒီရက်ပိုင်း ယူကျူ့ချန်နယ် တခုကဆက်တိုက် ဖြန့်ဝေထားတာမှာ ပျံ့နှံ့မှုအားကောင်းနေတာ တွေ့ရပါတယ်။ သတင်းတုဖြန့်ချိမှု သာဖြစ်တယ်။
ပျံ့နှံ့မှုအားကောင်းနေတဲ့ ပို့စ်တခုက ရယူထားတဲ့ စခရင်ရှော့ဓာတ်ပုံနဲ့ စာသားကောက်နုတ်ချက်ကို အောက်မှာ ကြည့်ပါ။ အလားတူတဲ့ ဖြန့်ဝေမှုတွေကို ဒီနေရာနဲ့ ဒီနေရာမှာလည်းတွေ့ရတယ်။
“ကြားဖြတ်အစိုးရ ဖွဲ့စည်းရန် သဘောတူ
ဒေါ်စုပြန်လည် ဦးဆောင်မည်
တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ဒေါ်စုနဲ့ ပူးပေါင်းပြီ မအလ ဘယ်လိုမှ ငြင်းချက်ထုတ်လို့မရတော့ဘူး အာဆီယံနဲ့ ဆွေးနွေးမှု ထုတ်ပြန်”

အချက်အလက်စိစစ်ချက်
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့မယ်ဆိုတဲ့ ဒီသတင်းကို သတင်းလုပ်ငန်းလုပ်ကိုင်နေတဲ့ သတင်းမီဒီယာတွေနဲ့ ယုံကြည်ရတဲ့ သတင်းအရင်းအမြစ်တွေမှာဖော်ပြချက်မရှိပါဘူး။
ဒီဗွီဒီယိုဖြန့်ဝေထားတဲ့ “Mandalay Khitthit”ယူကျူ့ချန်နယ်ဟာ သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ခေါင်းစဉ်တုတပ်ဖြန့်ချိလေ့ရှိတာ တွေ့ရပါတယ်။ ဒီချန်နယ်နဲ့ ပတ်သက်ပြီး Fact Crescendo Myanmar က အချက်အလက်စိစစ်ခဲ့တာတွေကို ဒီလင့်ခ်မှာ ကြည့်ပါ။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီးကတည်းက ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်ရဲ့ လျို့ဝှက်အကျဉ်းသားတဦးဖြစ်နေပြီး မိသားစုဝင်ဖြစ်တဲ့ သားဖြစ်သူနဲ့တောင် တွေ့ခွင့်မပေးပါဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အလွတ်တန်းဆွေးနွေအပြီးမှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံကိုယ်စားလှယ်နဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ပါသေးတယ်။

Fact Check: အာဆီယံက ဖိအားပေးလို့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးလိုက်တဲ့ သတင်းတု
သုံးသပ်ချက်
“Mandalay Khithit”ယူကျူ့ချန်နယ်ဟာ သတင်းခေါင်းစဉ်တုတပ် ဗွီဒီယိုတွေ ဖြန့်ချိတဲ့နေရာဖြစ်တယ်။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရသစ်ဖွဲ့မယ်ဆိုပြီး ဗွီဒီယိုကို လူကြည့်များအောင် စိတ်ဝင်စားဖွယ် သတင်းခေါင်းစဉ်ကိုလလုပ်ကြံရေးသားမျှဝေထားပေမဲ့ ဗွီဒီယိုထဲမှာတော့ မသက်ဆိုင်တဲ့ အာဆီယံအလွတ်သဘောအစည်းအဝေးနဲ့ပတ်သက်တဲ့ လူမှုကွန်ယက် အသုံးပြုသူတွေရဲ့ ရေးသားပြောဆိုချက်တွေ ဒါမှမဟုတ် သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပြီးဖြစ်တဲ့ သတင်းတွေကို ပြန်လည်မျှဝေထားတယ်။

